မဲခေါင်၊ နိုဝင်ဘာ ၁၀
တန်ဆောင်ပွဲကာလ ရပ်နားထားသည့် လိုင်စင်မဲ့ယာဥ်များဖမ်းဆီးထားသော်လည်း ယခုယာဥ်ထိန်းရဲများက ဖမ်းဆီးငွေညှစ်မှုများ ယနေ့နိုဝင်ဘာ ၁၀ ရက်တွင် ပြန်လည်ပြုလုပ်လာကြောင်း တောင်ကြီးဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ပြုလုပ်ခဲ့သည့် တန်ဆောင်တိုင်ကာလအတွင်း လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးခဲ့ခြင်းမရှိဘဲယခုမှသာ ပြန်လည်ပြုလုပ်လာခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင်ပင်ကား ၁၀ စီးခန့် အဖမ်းခံရကြောင်း မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“နီလာရိုးမရှေ့မှာလာသမျှဖမ်းထားတာ ၁၀ စီးလောက်ရှိမယ်။ အခြားမြို့တွေမှာဖမ်းတယ်မကြားတော့ဘူး။ ဖမ်းလဲ ဟန်ပြပဲ။ ဒီမှာက လုပ်စားနေလို့ ဖမ်းပဲဖမ်းနေတော့တာ” ဟု၎င်းက ပြောသည်။
တောင်ကြီးယာဉ်ထိန်းရဲမှူးနှင့် အဖွဲ့သည် လိုင်းကြေးရရန်သာ လိုင်စင်မဲ့ယာဥ်များ အဖမ်းပြနေခြင်းဖြစ်ပြီး ကားတစ်စီးလျှင် ကျပ်သိန်း၂၀ ခန့်ဖြင့် ရွေးယူနိုင်သကဲ့သို့ လိုင်းကြေးဖြင့် လချင်းပေးစီးနင်းနိုင်ကြောင်းလည်း လိုင်စင်မဲ့ကားစျေးကွက်မှသိရသည်။
“အဓိက တာဝန်ကျယာဥ်ထိန်းဂိတ် တာဝန်ခံတွေက ရဲမှူးကိုလစဥ်ကြေးသွင်းဖို့၊ လိုင်းကြေးရဖို့၊ ရွေးခရဖို့ လုပ်နေကြတာ။ အပေါ်က ပြည်နယ်မှူးတို့၊ ဝန်ကြီးချုပ်တို့ကတော့ ဖမ်းတယ်ထင်နေမှာပေါ့။ တကယ်တော့ အဖမ်းပြငွေရလုပ်နေတာ။ အထူးသဖြင့် အခုရဲမင်းကြီးအသစ် ကျော်ကျော်ဟန် သိစေချင်တယ်” ဟုတောင်ကြီးသစ် တောရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
တောင်ကြီးရှိ အမှတ်(၁၈) ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးမှာ ရဲမှူးမိုးကျော်ဟိန်းဖြစ်ပြီး ၎င်း၏ ရုံးဦးစီး ဒုရဲမှူးစည်သူ၊ ဒုရဲမှူးမျိုးသန့်တို့က လိုင်စင်မဲ့ကားများကို အဓိက ဖမ်းဆီးငွေတောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#လိုင်စင်မဲ့ယာဥ်
#ယာဥ်ထိန်းရဲ
#ဖမ်းဆီးငွေညှစ်








