~ CWM ~
ဒီ ဝေါဟာရက အမေရိကန်နိုင်ငံရေးလောက က ထွက်ပေါ်လာတဲ့ စကားလုံးပါ။ (Government Shutdown) “အစိုးရယန္တယား ရပ်ဆိုင်းခြင်း” လို့ အဓိပ္ပါယ်ဖွင့်ရင် ပြည်စုံနိုင်ပါ့မလား။ အများနားလည်အောင် ပြောရရင်တော့ အမေရိကန် ကွန်ဂရက်နဲ့ ဆီးနိတ်မှာ ရီပတ်ဘလစ်ကင် နဲ့ ဒီမိုကရက်အမတ်တွေကြား အစိုးရအသုံးစရိတ်(ဘတ်ဂျတ်)လျာထားအတည်ပြုရေးနဲ့ပတ်သက်လို့ သဘောတူညီချက်မရဘဲ တန်းလန်းကြီးဖြစ်နေတဲ့ကိစ္စပါ။
အောက်တိုဘာလ(၁)ရက်မှာ ကုန်ဆုံးသွားတဲ့ ဘတ်ဂျက်အစား နောက်ထပ် ဘတ်ဂျက်သစ်အတည်ပြုဖို့ ပါတီကြီးနှစ်ခုအကြား သဘောတူညီချက် မရဘဲ ရှိနေကြရာက Government Shutdown ဖြစ်နေတာ ခုဆိုရင် တစ်လကျော်သွားခဲ့ပါပြီ။
ဒီလိုအခြေအနေတွေကြောင့် အမေရိကန်အစိုးရ ဝန်ဆောင်မှုလုပ်ငန်းတွေ (အားလုံးတော့မဟုတ်ပါ) ယာယီရပ်ဆိုင်းသွားပြီး အစိုးရဝန်ထမ်း(၁.၄)သန်းလောက် လစာမဲ့ခွင့် (သို့မဟုတ်) လစာမရဘဲ အလုပ်လုပ်နေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတယ်။
အမေရိကန်လွှတ်တော်သမိုင်းမှာ အစိုးရအသုံးစရိတ်(ဘတ်ဂျက်)အတည်ပြုရေးနဲ့ ပတ်သက်လို့ ပါတီတွေကြား ထိပ်တိုက်တွေ့ကြတာ မဆန်းတော့ပေမယ့် ဒီတခါ အငြင်းပွားမှု(Government Shutdown) က ခါတိုင်းထက် ပိုကြာတယ်။ ခုဆိုရင် တစ်လကျော်သွားပြီဖြစ်ပြီး ဘယ်တော့ အဆုံးသတ်မယ်ဆိုတာလည်း မသိနိုင်သေးဘူး။ ဒီတခါ ပိုကြာရတဲ့ အကြောင်းတခုကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ သမ္မတ ဒေါ်နယ်ထရမ့် တက်လာချိန်ကစလို့ အစိုးရအဖွဲ့အရွယ်အစားကို ချက်ချင်းလျှော့ချပစ်လိုက်တာ၊ အသုံးစရိတ်လျှော့ချဖြတ်တောက်မယ်လို့ ကြိမ်းဝါးခဲ့တာတွေကြောင့်လို့ ဆိုတယ်။
ဘာ့ကြောင့် Government Shutdown ဖြစ်သလဲ၊ ဘယ်တော့ ပြီးမလဲ
ရီပတ်ဘလစ်ကင် နဲ့ ဒီမိုကရက်တွေဟာ အစိုးရအသုံးစရိတ်ဥပဒေ အတည်ပြုရေးအတွက် အောက်တိုဘာ(၁)ရက်နေ့ကျော်အထိ သဘောတူညီမှု မရဘဲ ဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရဘတ်ဂျက်က အောက်တိုဘာ(၁)ရက်မှာ ကုန်ဆုံးသွားပြီဖြစ်တယ်။
အမေရိကန် ဖွဲ့စည်းပုံအရ ကွန်ဂရက်ဟာ သမ္မတက လက်မှတ်ထိုးရမယ့် အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုရတယ်။
ရီပတ်ဘလစ်ကင်တွေဟာ အထက်၊အောက်လွှတ်တော်နှစ်ရပ်စလုံးကို လွှမ်းမိုးထားတယ်ဆိုပေမယ့် အစိုးရအသုံးရိတ်ဥပဒေအတည်ပြုဖို့အတွက် ဒီမိုကရက်တွေရဲ့ ထောက်ခံမဲ (၆၀) လိုအပ်နေတယ်။ ဒါဟာ အတိုက်အခံ ဒီမိုကရက်တွေအတွက် အားသာချက်တခုဖြစ်လာတယ်။ ဒီမိုကရက်တွေရဲ့ ထောက်ခံချက်မရဘဲ အစိုးရအသုံးစရိတ် အတည်ပြုလို့ မရနိုင်ဘူး။
ဒီမိုကရက်တွေက ဥပဒေကြမ်းမှာ ရက်လွန်အခွန်ကြွေးတွေ သက်တမ်းတိုးပေးဖို့အချက် ပါဝင်စေချင်တယ်။ ဒါမှသာ သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေ သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ရရှိမှာဖြစ်သလို ဒေါ်နယ်ထရမ့်က ဖြတ်တောက်ထားတဲ့ Medicaid လို့ ခေါ်တဲ့ သန်းပေါင်းများစွာသော အမေရိကန် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ဝင်ငွေနိမ့်သူတွေအတွက် အစိုးရကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ပြန်အသက်သွင်းနိုင်မှာ ဖြစ်တယ်။
ဒီမိုကရက်တွေက အစိုးရကျန်းမာရေးအေဂျင်စီတွေရဲ့ အသုံးစရိတ်ဖြတ်တောက်တာကိုလည်း ဆန့်ကျင်တယ်။ လက်ရှိအခြေအနေကို ရှောင်လွှဲဖို့ ဥပဒေကြမ်းတခုကို အောက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပေမယ့် အထက်လွှတ်တော်က အတည်မပြုနိုင်ခဲ့ဘူး။
အောက်တိုဘာ(၁)ရက် အမေရိကန်အစိုးရ government shutdown ဟာ (၇)နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်။ နိုဝင်ဘာ(၅)ရက်မှာ Shutdown ကာလ (၃၆)ရက်ပြည့်သွားလို့ ထရမ့် ပထမသက်တမ်း(၂၀၁၈/၁၉)တုန်းက ဖြစ်ခဲ့တဲ့ (၃၅)ရက် government shutdown ကာလကို ကျော်လွန်လာခဲ့ပြီဖြစ်တယ်။
Shutdown ပြီးဆုံးဖို့ဆိုရင် အထက်လွှတ်တော်မှာ ပါတီနှစ်ခုစလုံးက သဘောတူညီချက်တခု ရရှိဖို့ လိုအပ်တယ်။ ဒါပေမယ့် ခုချိန်ထိ အောင်မြင်မှု မရသေးဘူး။
ရီပတ်ဘလစ်ကင်တွေက သူတို့အနေနဲ့ ကျန်းမာရေးအာမခံအထောက်အပံ့ကိစ္စ သီးခြားညှိနှိုင်းချင်တယ်လို့ ဆိုတယ်။ တကယ်တော့ ထရမ့်အစိုးရဟာ ဒီကိစ္စနဲ့ လုပ်ဆောင်ဖို့ စိတ်ပါလက်ပါ ရှိလှတာ မဟုတ်ဘူး။
ဒီမိုကရက်တွေအနေနဲ့ကတော့ ဈေးနှုန်းချိုသာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင် ကြိုးပမ်းတာဟာ မဲဆန္ဒရှင်အများစုရဲ့ အားပေးထောက်ခံမှုကို ရရှိစေတယ်လို့ ယုံကြည်တယ်။ လွှတ်တော်ခေါင်းဆောင်တွေမှာလည်း ဖိအားတွေ ရှိနေတယ်။ သုံးသပ်သူတချို့ရဲ့အဆိုအရ သဘောထား သိပ်မတင်းမာတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ်အမတ်တချို့ဟာ နိုဝင်ဘာ(၂၇) ကျေးဇူးတော်နေ့ မတိုင်မီ သဘောတူညီချက် ရနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုတယ်။
ဘယ်လို အစိုးရလုပ်ငန်းတွေက ရပ်ဆိုင်းပြီး ဘယ်ဌာနတွေက ဆက်ပြီး လည်ပတ်နေသလဲ
Shutdown ကာလအတွင်းမှာ အစိုးရဌာနအားလုံး လုပ်ငန်းတွေ ရပ်သွားကြတာတော့ မဟုတ်ဘူး။ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း ဆက်လည်ပတ်နေပါတယ်။ ဒါပေမယ့် Shutdown ပြန်မပွင့်မချင်း ဝန်ထမ်းတွေ လစာရကြမှာ မဟုတ်ဘူး။
နယ်စပ်ကာကွယ်ရေး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုနဲ့ အကောက်ခွန်ဝန်ထမ်းတွေ နဲ့ ဆေးရုံဝန်ထမ်းတွေကတော့ ပုံမှန်အတိုင်း အလုပ်ဆက်လုပ်နေကြမှာပါ။
ဒါပေမယ့် လေကြောင်းထိန်းသိမ်းရေးဝန်ထမ်း မလုံလောက်မှုကြောင့် လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းတာ၊ နှောင်းနှေးတာ ရှိလာတယ်။
ပို့ဆောင်ရေးဌာနက နိုဝင်ဘာလ(၇)ရက်နေ့ကစပြီး အမေရိကန်တနိုင်ငံလုံးရှိ လေဆိပ် ၄၀ မှာ လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုတွေ ရှိမယ်လို့ ထုတ်ပြန်ကြေညာတယ်။ ဒီဖျက်သိမ်းမှုဟာ ပြည်တွင်းခရီးစဉ်အားလုံးရဲ့ ၁၀% ရှိမယ်လို့ဆိုတယ်။
ထောင်ပေါင်းများစွာသော သာမန်အစိုးရဝန်ထမ်းတွေဟာ ယာယီ လစာမဲ့ ခွင့်နဲ့ နေကြရမယ်။
အောက်တိုဘာလလယ်မှာ အမေရိကန်စစ်သားတွေ ရမယ့် လစာတွေ ရရှိမှာ မဟုတ်သေးဘဲ ထရမ့်အစိုးရက ဘဏ္ဍာငွေ စိစစ်ပြီးမှ ရမယ်လို့ ဆိုတယ်။ လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ကတော့ ဒါဟာ ယာယီသာဖြစ်ပြီး နောက်ပိုင်း ဒီလိုပေးမှာ မဟုတ်ဘူးလို့ ဆိုတယ်။
food stamps လို့ ခေါ်တဲ့ အားဖြည့်အာဟာရအထောက်အကူပြုအစီအစဉ်(Supplemental Nutrition Assitance Program) Snap အတွက် ပိုက်ဆံတွေ ကုန်သွားပြီ။ ဒီအစီအစဉ်မှာ စာရင်းသွင်းထားတဲ့ အမေရိကန်ပြည်သူ(၄၁)သန်း အနေနဲ့ သူတို့ ရရှိမယ့် အစားအစာ အထောက်အပံ့ ဆက်မရနိုင်တော့ဘူးလို့ အောက်တိုဘာလကုန်ပိုင်းမှာ ကြိုသတိပေးထားတယ်။ ဒါပေမယ့် အစားအစာ အထောက်အပံ့ ဆက်ရဖို့ ဥပဒေကြောင်းအရ ကြိုးပမ်းနေတယ်။
အမေရိကန် ဗဟိုတရားသူကြီးတဦးက အရေးပေါ်ရန်ပုံငွေ အသုံးပြုပြီး ဒီအစီအစဉ်အတွက် အထောက်အပံ့အပြည့်ပေးရမယ်လို့ နိုဝင်ဘာ(၆)ရက်နေ့မှာ အမိန့်ပေးခဲ့တယ်။
လူမှုဖူလုံရေးနဲ့ ဆေးကုသရေးလက်မှတ်တွေကိုတော့ ဆက်ပေးနေသေးတယ်။
ဗဟိုအစိုးရ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ မူကြိုကျောင်းတွေ၊ စမစ်ဆိုးနီးယန်းပြတိုက်လို အဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေကို လျှော့ချ (သို့မဟုတ်) ပိတ်ပင်မှု ရှိမယ်။
တနိုင်ငံလုံးက အမျိုးသားပန်းဥယျာဉ်တွေ၊ အထိမ်းအမှတ်အဆောက်အဦးတွေ ပိတ်ထားလိုက်ရတယ်။ ဒီအထဲမှာ ဆန်ဖရန်ဆစ္စကို ဘေးဧရိယာက Alcatraz ကျွန်း နဲ့ ဝါရှင်တန် အထိမ်းအမှတ်ပြတိုက်အတွင်းပိုင်းတွေ ပါဝင်တယ်။
၂၀၁၈ ဒီဇင်ဘာ နဲ့ ၂၀၁၉ ဇန်နဝါရီ government shutdown ဖြစ်စဉ်ကာလကတော့ ပန်းခြံတွေဟာ ဝန်ထမ်းတွေ မထားတော့ဘဲ ဒီအတိုင်း ဖွင့်ထားလို့ သမိုင်းဝင်နေရာတချို့ လုယက်ဖျက်ဆီးတာ ခံခဲ့ရတယ်။ စာပို့လုပ်ငန်းနဲ့ စာတိုက်တွေကိုတော့ ပုံမှန်အတိုင်း ဆက်ဖွင့်ထားတယ်။
အမေရိကန် စာသင်ကျောင်းအများအပြားဟာ ပြည်နယ်ရန်ပုံငွေနဲ့ လည်ပတ်တာဖြစ်ပေမယ့် ဗဟိုအစိုးရဟာ ကျောင်းသားတွေရဲ့ ပညာသင်စရိတ်တွေကို ဒေါ်လာ ဘီလျံချီသုံးစွဲထားလို့ ကျောင်းတွေ ခေတ္တပိတ်ထားရနိုင်တယ်။ ဒါပေမယ့် ဒီ အစိုးရထောက်ပံ့ငွေတွေက နွေရာသီမှာဖြစ်လို့ ဒီ shutdown ကာလအတွင်း ကျောင်းတွေအများကြီး ထိခိုက်စရာမရှိဘူးလို့လည်း ပညာရေးဌာန အတွင်းရေးမှူးက ဆိုတယ်။
လွှတ်တော်အမတ်တွေက လစာ ပုံမှန်အတိုင်း ဆက်ရနေကြမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်တာကိုလည်း ခံနေရတယ်။
အိမ်ဖြူတော်က Shutdown ကို ဘယ်လိုတုန့်ပြန်သလဲ
အရင်တုန်းကတော့ မဲဆန္ဒရှင်တွေရဲ့ နေ့စဉ်ဘဝတွေကို ထိခိုက်စေတဲ့ ခုလို ရှည်ကြာတဲ့ အစိုးရယန္တယားရပ်ဆိုင်းမှု ( government shutdown) ဟာ ဥပဒေပြုအမတ်တွေ၊ အိမ်ဖြူတော်မှာ ရောက်ရှိတာဝန်ထမ်းဆောင်နေသူတွေအတွက် နိုင်ငံရေးအရ အန္တရာယ်ကြီးတဲ့ လုပ်ရပ်လို့ မြင်ခဲ့ကြတယ်။
ခုချိန်မှာတော့ အိမ်ဖြူတော်က အစိုးရရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတခု အချိန်ကာလတခုအထိ ပိတ်ခံထားရတဲ့အပေါ်မှာ ပျော်ရွှင်နေပုံရတယ်။ ထရမ့်က အရင်တုန်းက အစိုးရလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်တာ၊ အသုံးစရိတ်တွေ အရင်အတိုင်း ပြန်သုံးတာ၊ shutdown ကာလအတွင်း လုပ်ခမရတဲ့ ဝန်ထမ်းတွေကို လုပ်ခပြန်ပေးတာမျိုး မလုပ်ဘူးလို့ ခြိမ်းခြောက်ထားတယ်။
ထရမ့်အစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အစိုးရအသုံးစရိတ်တွေ လျှော့ချခဲ့ပြီး အစိုးရဝန်ထမ်းအများအပြားကို အလုပ်ထုတ်ပစ်ခဲ့ကာ သမ္မတတယောက်ရဲ့ လုပ်ပိုင်ခွင့်စည်းဘောင်ကို ကျော်လွန်စမ်းသပ်ခဲ့တယ်။ ခုတော့ သူက မရှိမဖြစ် မလိုအပ်တဲ့ အလုပ်သမားတွေကို ဒီ shutdown ကာလအတွင်း အမြဲတမ်းအလုပ်ထုတ်ပစ်ဖို့ထိ စီစဉ်နေပါပြီ။
“လူတွေအများကြီး အလုပ်ထုတ်ပစ်မှာပါ” လို့ shutdown မစခင် စက်တင်ဘာလ(၃၀)ရက်မှာ ထရမ့်က ပြောခဲ့တယ်။ ထရမ့်အစိုးရဟာ လက်ရှိ လစာမဲ့ ခွင့်နဲ့ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကိုလည်း shutdown ကာလပြီးဆုံးသွားရင် သူတို့လစာတွေကို ပြန်ပေးမှာ မဟုတ်ဘူးလို့ သတိပေးထားတယ်။
“လစာ ပြန်ပေးဖို့က ကျနော်တို့နဲ့ စကားပြောသူအပေါ်မှာပဲ မူတည်တယ်” လို့ ထရမ့်ကအောက်တိုဘာ(၇)ရက်မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။ သဘောကတော့ သူတို့နဲ့ အဆင်ပြေသူကို ပြန်ပေးပြီး အဆင်မပြေသူတွေကိုတော့ ပြန်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
ဥပဒေပြုအမတ်အတော်များများကတော့ ဒါဟာ မှားယွင်းမှုဖြစ်တယ်လို့ ဆိုတယ်။ “ဥပဒေကတော့ ရှင်းပါတယ်။ “လစာမဲ့ ခွင့်နဲ့ အလုပ်လုပ်နေကြတဲ့ အစိုးရဝန်ထမ်းတဦးချင်းဟာ လစာပြန်ရဖို့ အခွင့်အရေးရှိတယ်” လို့ အောက်လွှတ်တော် ဒီမိုကရက်အမတ် ဟာကင်းမ် ဂျက်ဖာရီက ဆိုတယ်။
အောက်တိုဘာလဆန်းတုန်းက ထရမ့်အစိုးရက အစိုးရဝန်ထမ်း ၄၀၀၀ လောက်ကို အလုပ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဗဟိုတရားရုံး တရားသူကြီးတဦးက ယာယီတားမြစ်ခဲ့ရတယ်။
Shutdown က အမေရိကန်စီးပွားရေးကို ဘယ်လောက်ထိခိုက်စေသလဲ
အစိုးရယန္တယားရပ်ဆိုင်းခြင်း Government Shutdown အခြေအနေကြောင့် အမေရိကန်စီးပွားရေးကို အကြီးအကျယ် ထိခိုက်တာမျိုးတော့ မရှိဘူး။ ထိခိုက်မှုဟာ ခဏသာဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းကျလို့ ပျက်စီးရတဲ့ စီးပွားရေးထိခိုက်မှုလောက်ပဲ ရှိတယ်။
ဒါပေမယ့် ပြဿနာတွေတော့ ရှိတယ်။ ချေးငွေနဲ့ လုပ်ပိုင်ခွင့် ခွင့်ပြုချက်တွေ နှောင့်နှေးရတာရှိတယ်။
ခန့်မှန်းချက်တခုအရ ဒေါ်လာ သန်း (၈၀၀) တန်ဖိုးရှိ အစိုးရကန်ထရိုက်တွေကို နေ့စဉ်ခွင့်မပြုနိုင်တော့ဘူး။ အစိုးရအလုပ်သမားတွေနဲ့ မတူတာက ကန်ထရိုက်တာတွေက shutdown ပြီးသွားလည်း ဆိုင်းငံ့ငွေ ပြန်မရတာပဲ။
ခြုံငုံခန့်မှန်းရရင် အခု shutdown ကြောင့် အကြမ်းဖျင်း တစ်ပတ်တာ စီးပွားရေးတိုးတက်မှု ၀.၁% ကနေ ၀.၂% အထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုတယ်။ ဒါဟာ တစ်ပတ် ၁၅ ဘီလျံရှိတယ်။ shutdown ကာလ တာရှည်လာတာနဲ့အမျှ ထိခိုက်မှုလည်း ရှိလာနိုင်တယ်။ လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာ အဓိကအားလပ်ရက်တွေမှာ ဈေးဝယ်မှု နဲ့ သုံးစွဲမှုတွေ shutdown ကြောင့် ထိခိုက်နိုင်တယ်လို့ သုံးသပ်လေ့လာသူတွေက စိုးရိမ်မကင်းဖြစ်နေကြတယ်။
အခု shutdown ကြောင့် စီးပွားရေး ထိခိုက်လာနိုင်စေတဲ့ နောက်ထပ်အကြောင်းရင်းတွေလည်း ပေါ်လာနိုင်တယ်။ ထရမ့်က အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ၊ ပြန်ပေးရမယ့် လုပ်ခလစာ ပြန်မပေးတာ၊ အစိုးရရန်ပုံငွေတွေကို ဖျက်သိမ်းတာတွေဟာ စီးပွားရေးအခြေအနေကို ပိုပြီး ဆိုးရွားလာစေနိုင်တယ်။
အရင် Government Shutdown တွေ တုန်းက ဘာတွေဖြစ်ခဲ့သလဲ
ဘတ်ဂျတ်သုံးစွဲမှုကို အကြောင်းပြုလို့ Government Shutdown ဖြစ်တာ အမေရိကန်နိုင်ငံရေးရဲ့ ထူးခြားမှုတခုပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)အတွင်း ဒါဟာ မထူးဆန်းတော့ပါဘူး။ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းတုန်းကဆို သုံးကြိမ်တောင် ဖြစ်ခဲ့တယ်။
နောက်ဆုံး shutdown က ၂၀၁၈ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဖြစ်ခဲ့တယ်။ မက္ကဆီကိုနယ်စပ်မှာ အုတ်တံတိုင်းကာရံဖို့ကိစ္စ ရန်ပုံငွေသုံးစွဲမှု သဘောတူညီချက်မရခဲ့ကြတဲ့အတွက်ဖြစ်တယ်။
နောက်ဆုံးမှာ တစ်လကြာ လစာမရဘဲ အလုပ်လုပ်နေခဲ့ကြရတဲ့ လေကြောင်းထိန်း ဝန်ထမ်းတွေက စိတ်ပျက်လက်ပျက် ဖြစ်လာတော့မှ တစိတ်တပိုင်း ပြီးဆုံးသွားတယ်။ အခုလည်းလေကြောင်းထိန်းဝန်ထမ်းတွေ ဒီအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်။ အဲဒီချိန်တုန်းက လေကြောင်းခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရပြီးနောက်ပိုင်းမှာ shutdown လည်း ပြီးဆုံးသွားတယ်။
အမေရိကန်လွှတ်တော် ဘတ်ဂျက်ရုံးရဲ့ ခန့်မှန်းချက်အရ ၂၀၁၈-၂၀၁၉ shutdown ကာလက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှု ဒေါ်လာ ၁၁ ဘီလျံ လျော့ကျသွားတယ်လို့ သိရတယ်။ ဒီအထဲမှာ ပြန်မရနိုင်တော့တဲ့ ဒေါ်လာ ၃ ဘီလျံလည်း ပါဝင်တယ်။
government shutdown က ဒေါ်နယ်ထရမ့် မတိုင်မီကလည်း ရှိခဲ့တယ်။ ၁၉၈၀ပြည်လွန်နှစ်များက သမ္မတ ရော်နယ် ရီဂင် လက်ထက်မှာ shutdown ရှစ်ကြိမ် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အားလုံးဟာ သိပ်မကြာခဲ့ဘူး။
သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက် ၁၉၉၅ ခုနှစ်မှာ (၂၁)ရက်ကြာ shutdown ဖြစ်ခဲ့ဖူးသလို ဘာရက် အိုဘားမား လက်ထက် ၂၀၁၃ ခုနှစ်မှာလည်း (၁၆) ရက်ကြာ shutdown ဖြစ်ခဲ့ဖူးတယ်။
# CWM.
Ref:Why the US government has shutdown and what happens now. by Anthony Zurcher and Natalie Sherman. BBC World.
#MeKongNews








