မဲခေါင်၊ နိုဝင်ဘာ ၉
စင်ကာပူနိုင်ငံသည်လည်း ကျားဖြန့်အန္တရာယ်ဆိုးရွားစွာရိုက်ခတ်နေသဖြင့် အစိုးရက ကျားဖြန့် နှိမ်နင်း ရေးလုပ်ဆောင်နေရာ ဖမ်းဆီးရမိသည့် ကျားဖြန့်တရားခံများအား မဖြစ်မနေ ကြိမ်ဒဏ်ပါ ထည့်သွင်း အရေးယူရန် လွှတ်တော်သို့ အဆိုတင်သွင်းမှု အောင်မြင်သွားပြီဖြစ်သည်။
၂၀၂၀ ပြည်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စင်ကာပူနိုင်ငံအတွင်း ကျားဖြန့်လိမ်လည်ခံရသည့် အမှုတိုင်ကြား ချက်မှတ်တမ်းပေါင်း ၅၁၀၀၀ မှုအထိ မြင့်တက်လာကာ လိမ်လည်ခံရသည့်ငွေပမာဏသည်လည်း ဘတ် ၂၈ ဘီလီယံအထိ များပြားခဲ့သဖြင့် ကျားဖြန့်သမားများအား ဖမ်းဆီးရမိပါက အခြားပြစ်ဒဏ်များ မချမီ ပြစ်မှုအနည်းမှ အများအခြေအနေအရ ကြိမ်ဒဏ် အနည်းဆုံး ၆ ချက်မှ အများဆုံး ၂၄ ချက်အထိ ချမှတ်သွားရန် ဥပဒေပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ကိုယ်တိုင် ကျားဖြန့်မလုပ်သော်လည်း ကျားဖြန့်လုပ်ငန်းကွင်းဆက်တွင် ဆင်းမ်ကတ်များသုံးခွင့် ပေးခြင်း၊ ဘဏ်အကောင့်များသုံးခွင့်ပေးသူများသည်လည်း အကြုံးဝင်ပြီး ထိုသူများအတွက် ကြိမ်ဒဏ် ၁၂ ချက် ချမှတ်မည်ဖြစ်သည်။ မုဒိမ်းမှု၊ လူကုန်ကူးမှုနှင့်ငွေကြေးခဝါချမှုကဲ့သို့သော ဆိုးရွားသည့် ပြစ်မှု များအတွက်မူ အသက် ၅၀ အောက် တရားခံများအား အမြင့်ဆုံးကြိမ်ဒဏ် ၂၄ ချက်အထိ ချမှတ်သွား မည်ဖြစ်သည်။
အရှေ့တောင်အာရှ ဒုတိယစီးပွားရေးအင်အားအကြီးမားဆုံး စင်ကာပူတွင် မှုခင်းမျာားအားလုံးအနက် ၆၀ ရာခိုင်နှုန်းမှာ ကျားဖြန့်မှုခင်းများဖြစ်လာနေပြီး ငွေကြေးဆုံးရှုံးမှု ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (ဘတ်သန်း ၉၀၀၀၀၀) ရှိခဲ့ပြီဖြစ်သောကြောင့် ယခုလို တင်းကြပ်သည့် ဥပဒေများအတွင်း အားလုံး ကြောက်ကြသည့် ကြိမ်ဒဏ်ကို ထည့်သွင်းပြင်ဆင်လိုက်ခြင်းဖြစ်သည်။
မနှစ်က စင်ကာပူဝန်ကြီးချုပ်တာဝန်ယူထားစဉ် လီရှောင်လွန်းကိုယ်တိုင်က ကျားဖြန့်လိမ်လည်မှုများ အင်တာနက်မှတစ်ဆင့် နိုင်ငံတွင်းရောက်မလာစေရ စီမံကိန်းဖော်ဆောင်ရန် စတင်လုပ်ဆောင်နေချိန် မိမိကိုပင် ကျားဖြန့်လုပ်ခဲ့ကြသေးသည်ဟု ဝန်ခံပြောဆိုခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#စင်ကာပူ
#ကျားဖြန့်
#အရှေ့တောင်အာရှ
#ကြိမ်ဒဏ်








