မဲခေါင်၊ နိုဝင်ဘာ ၈
မူးယစ်ဆေးဝါးသုံးစွဲသည် ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS က လူငယ် ၂၄ ဦးကို ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၆ ရက်တွင် ဖမ်းဆီးခံခဲ့ရသော လူငယ်များသည် အိုးကုန်းရွာ၊ ကျောက်ပလ္လင်ရွာ၊ မိုင်းအင်ရွာ၊ မြေနီကုန်းရွာ၊ တောင်ပုရွာ စသည့် ကျေးရွာများမှ လူငယ်များဖြစ်ကြပြီး အသက် ၂၀ မှ အသက် ၃၅ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။
“ဖမ်းဆီးခံရတဲ့ လူ ၂၄ ယောက်မှာ မူးယစ်ဆေး တကယ်သုံးသူ နည်းနည်းပဲပါတယ်၊ မသုံးတဲ့သူက များတယ်။ ဘာမှမစစ်မဆေးဘဲနဲ့ ရွာထဲတွေ့တဲ့သူကို ဖမ်းသွားတာ။ သူတို့ဖမ်းပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရပါဘူး။ အဆက်သွယ်လည်း မရတော့ ကျန်ရှိတဲ့မိသားစုတွေက စိတ်ပူနေကြရပါတယ်။ တချို့ဆို RCSS ကဖမ်းပြီး စစ်သား လုပ်ခိုင်းပြီလို့လည်း ကြားတယ်။ အဲလိုကြားတော့ တချို့မိဘဆို သူတို့သားဖမ်းခံရပြီး ထမင်းတောင်မစားတော့ဘူး၊ သောကရောက်နေရတယ်” ဟု မိုင်းအင်ရွာခံတစ်ဦးက မဲခေါင်သို့ပြောသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးထံ မဲခေါင်မှ ၁၀ ကြိမ်ထက်မနည်း ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ပင်းတယမြို့နယ်၊ မိုင်းအင်ရွာအဝင် RCSS စစ်ဆေးရေးဂိတ်တွင် ကားတားသည်ကိုရပ်မပေး ဟုဆိုကာ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှမ်းတောင်
#ပင်းတယ
# RCSS








