မဲခေါင်၊ နိုဝင်ဘာ ၅
နိုဝင်ဘာ ၄ ရက်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ စီဘူခရိုင်ကို ဗဟိုပြုတိုက်ခတ်သွားခဲ့သည့် ကယ်လ်မေဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းထုတ်ပြန်မှုအရ အနည်းဆုံး ၆၆ ယောက် ရှိသွားခဲ့ပြီဟု သိရသည်။
ယင်းမုန်တိုင်းသည် နိုဝင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပြည်ပခရီးသွားများ စည်ကားလေ့ရှိရာ ပါလာဝန်အရပ်သို့ တစ်နာရီ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) မှ ၁၆၅ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားတိုက်ခတ်နေပြီး စီဘူဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယစီမံခန့်ခွဲရေးမှူး ရာဖေလီတိုအလီဂျန်ဒရိုက ၎င်းတို့ဒေသအတွင်းမှာပင် သေဆုံးသူ ၄၉ ဦးတွေ့ခဲ့ပြီး ၂၆ ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
မျက်မြင်သက်သေများက စီဘူဒေသတွင် ယခင် တစ်လပျမ်းမျှ မိုးရေချိန် ၁၃၁ မီလီမီတာရှိရာမှ ယခု မုန်တိုင်းတိုက်ချိန်တွင် ၁၈၃ မီလီမီတာ (၇ လက်မ) အထိ များပြားသောကြောင့် ဒေသတွင်း မကြုံစဖူး ရေကြီးမှုက အိမ်များခေါင်းမိုးသာပေါ်ကာ ၁၀ ပေကျော်ရေအနက်အထိ နစ်မြုပ်ကြောင်းနှင့် သာမန် ကားများသာမက သင်္ဘောတင် ကွန်တိန်နာများပင် မျောပါသည်အထိ ဆိုးရွားခဲ့သည်ဟု ပြောဆိုခဲ့ကြ သည်။
ယင်းမုန်တိုင်းအတွင်း ဖိလစ်ပိုင်လေတပ်မှ ကယ်ဆယ်ရေးရဟတ်ယာဉ် ၄ စီးစေလွှတ်ခဲ့သည့်အနက် တစ်စီးပျက်ကျခဲ့ရာတွင် လိုက်ပါသူ ၆ ဦးစလုံး အလောင်းကိုလည်း နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ရသည်။
ဖိလစ်ပိုင်တွင် တစ်နှစ် ပျမ်းမျှ မုန်တိုင်း အလုံး ၂၀ ဝင်ရောက်လေ့ရှိပြီး ယခုနှစ်တွင် အလုံး ၂၀ ဝင်ပြီးဖြစ်သည့်တိုင် လူများလုပ်သော သဘာ၀ပတ်ဝန်းကျင်ဖောက်ပြန် ပင်လယ်ရေ အပူချိန် မြင့်တက်မှုကြောင့် ဒီဇင်ဘာလအထိ နောက်ထပ် မုန်တိုင်း ၃ လုံးမှ ၄ လုံး အထိ ထပ်ဝင်နိုင်ဦးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ကိုကလင်း
Ref: koreatimes
#MeKongNews
#ဖိလစ်ပိုင်
#ကယ်လ်မေဂီ
#ကယ်ဆယ်ရေး
#ရဟက်ယာဉ်








