မဲခေါင်၊ နိုဝင်ဘာ ၄
NDAA ထိန်းချုပ် မိုင်းလား၌ မိုင်းလားရဲတပ်ဖွဲ့ကသိမ်းဆည်းထားသည့် ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း အထူးဒေသ(၄) သတင်းနှင့်ပြန်ကြားရေးက ယနေ့ (နိုဝင်ဘာ၄ရက်)တွင်သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက် ကမိုင်းလားမြို့ရှိ အမှိုက်မီးရှို့ကွင်းတွင်အထူးဒေသ (၄) ရဲတပ်ဖွဲ့ဝင်များ၏ ကြပ်မတ်စောင့်ကြည့်မှုအောက်တွင် ဖမ်းဆီးရမိထားသော ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများကို စက်ကြီးများဖြင့် နင်းချေဖျက်ဆီး၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု စုပေါင်းဖျက်ဆီးလိုက်သော ပစ္စည်းများတွင် ဆဲလ်ဖုန်းများ၊ ကွန်ပျူတာများ၊ Wifi လွှင့်စက်များ စသည့်စက်ပစ္စည်းအမျိုးအစား များစွာပါဝင်ပြီး အရေအတွက်အားဖြင့် တစ်သောင်း ခန့်ရှိကာ ခန့်မှန်းတန်ဖိုးမှာတရုတ်ယွမ်ငွေ ဆယ်သိန်းခန့်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းစက်ပစ္စည်းအားလုံးသည် အထူးဒေသ (၄) ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းများကို ဖမ်းဆီးရာမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းသည် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုဆိုင်ရာ အောင်မြင်မှုရရှိကြောင်းကို သက်သေပြနေပြီး ဒေသအစိုးရအနေဖြင့် “ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမည်” ဟူသော ဆုံးဖြတ်ချက်အား ပြည်သူများထံ အသိပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#MeKongNews
#ကျားဖြန့်
#မိုင်းလား
#တရုတ်နယ်စပ်
#အထူးဒေသ၄








