မဲခေါင်၊ နိုဝင်ဘာ ၁
ထိုင်းနိုင်ငံတွင် တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များကို စစ်ဆင်ရေးတစ်ရပ် အဖြစ် နှိမ်နင်းနေရာ ပရာချက်ခီရီခန်းခရိုင် ပယ်လယ်ကမ်းခြေမြို့ ဟွာဟင်၌ အခြေစိုက် ထူထောင်ထားသည့် Lavabet555 အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် ထူထောင်ထားသူ သံသယတရားခံ ၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဗျူရို CCIB မှ ဒုရဲမှူးချုပ် ချွန်ချာဝင်ပူရာသနာနွန်က အောက်တိုဘာ ၃၁ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၃၀ ရက်တွင် ဟွာဟင်ခရိုင်တရားရုံးမှ ဖမ်း၀ရမ်းထုတ်ပြီးနောက် အဆိုပါ ခရိုင် အတွင်းနေထိုင်သူ ၂၅ နှစ်အရွယ် စူပါချိုင်နှင့် ၂၄ နှစ်အရွယ် ခမ်မာနာတို့ကို ဦးစွာဖမ်းဆီးခဲ့ကာ လက်တော့၊ ကိုယ်ရေးကိုယ်တာသုံး ကွန်ပျူတာ တစ်လုံးစီနှင့် မိုဘိုင်းဖုန်း ၃ လုံး၊ ဘဏ်စာအုပ် ၂ အုပ်သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးစဉ် ၎င်းတို့သည် ဝက်ဘ်ဆိုက်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်ထူထောင်လုပ်ကိုင်ခဲ့ပြီး ငွေအဝင်အထွက်လည်ပတ်မှုသည် ဘတ် ၃၆၇ ဒသမ ၄ သန်း ရှိသည်ဟု စုံစမ်းသိရှိရသည်။
သံသယတရားခံ နောက်တစ်ဦးမှာ ဝက်ဘ်ဆိုက်ကို ဦးဆောင်စီမံပေးနေသည့် ပရန်ဘာရီ ခရိုင်နေ ၂၆ နှစ်အရွယ် ချီရာပေါင်ဆိုသူဖြစ်ကာ ၎င်းထံမှ ကွန်ပျူတာ ၂ လုံး၊ မိုဘိုင်းဖုန်း ၅ လုံးနှင့် ဘဏ်စာအုပ် ၃ အုပ်၊ ATM ကတ် ၅ ကတ်တို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ကာ ဖမ်းဆီးရမိမှုမှတစ်ဆင့် ငွေကြေးခဝါချမှု၊ တရားမဝင်လောင်းကစားကွန်ရက်များကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဟု ဒုရဲချုပ်က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#အွန်လိုင်းလောင်းကစား
#ထိုင်းနိုင်ငံ
#ဆိုက်ဘာရာဇဝတ်မှု
#ဟွာဟင်ခရိုင်








