မဲခေါင်၊ အောက်တိုဘာ ၂၉
အောက်တိုဘာ ၂၈ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့သမိုင်းတွင် အကြီးမားဆုံး ဒုစရိုက်ဂိုဏ်း ဆန့်ကျင်နှိမ်နင်းရေး စစ်ဆင်ရေးကြီးကို ရဲနှင့် စစ်သား ၂၅၀၀ ဖြင့် နှိမ်နင်းရာ အနည်းဆုံး ၆၄ ယောက် သေဆုံးပြီး စစ်ပွဲတစ်ခုအလား ပစ်ခတ်၊ ပေါက်ကွဲလောင်ကျွမ်းမှုများ ရှိခဲ့သည်။
ရီယိုတွင် အလွန်ဩဇာကြီးမားသည့် Red Command တစ်နည်းအားဖြင့် Comando Vermelho ဂိုဏ်းတို့ အခြေစိုက်ရာ အလီမာအိုနှင့်ပန်ဟာ တိုက်တာအဆောက်အအုံများသို့ ဝင်ရောက်စီးနင်း ခြေမှုန်းခဲ့ခြင်းဖြစ်ရာ အလောင်းများပင် လမ်းပေါ် ပုံနေခဲ့သည်ဟု ယင်းဒေသခံ ခေါင်းဆောင်တစ်ဦးက ဘရာဇီး အိုဂလိုဘို မီဒီယာသို့ ပြောကြားခဲ့သည်။
မြို့တော်ဝန် ကလော်ဒီယိုကက်စထရိုက ရီယိုမြို့သမိုင်း၌ အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းနှိမ်နင်းမှု စစ်ဆင်ရေးဖြစ်ကြောင်းနှင့် မြို့တွင်း စစ်ပွဲတစ်ခုအလား ပြင်းထန်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။
သေဆုံးသူ ၆၄ ဦးထဲတွင် ရဲအရာရှိ ၄ ဦးလည်း ပါဝင်ခဲ့သည်။
သံသယတရားခံ အနည်းဆုံး ၈၁ ယောက်ကိုလည်း ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မြို့တော်ဝန် ကက်စထရိုက မိမိမြို့အတွင်း သမားရိုးကျဖြစ်ပျက်နေသည့် ရာဇဝတ်မှုများ ကြာရှည်စွာ ဆက်ရှိနေတော့မည်မဟုတ်ဘဲ မူးယစ်အကြမ်းဖက်ဂိုဏ်းများကို နှိမ်နင်းရာတွင် ဒါဇင်နှင့်ချီသော ရိုင်ဖယ်သေနတ်များ၊ ဒရုန်းများနှင့် များပြားလှသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆက်လက်ရှင်းလင်းပြောဆိုသည်။
Red Command ဒုစရိုက်ဂိုဏ်းသည် ဘရာဇီးနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဂိုဏ်းကြီးဖြစ်ကာ ထပ်မံ နယ်မြေချဲ့တွင်မှုများလုပ်ဆောင်နေသဖြင့် ယခု စစ်ဆင်ရေးအား အောင်မြင်စွာဖော်ဆောင်နိုင်ရေး ၁ နှစ် အချိန်ယူပြင်ဆင်ခဲ့ရသည်ဟုလည်း သိရသည်။
ယင်းဂိုဏ်းသည် စစ်အာဏာရှင်ခေတ်က ထောင် သားများက စတင်ထူထောင်ခဲ့သော ဂိုဏ်းဖြစ်ကာ နောက်ပိုင်း တောင်အမေရိကတစ်လွှား မူးယစ်ရာဇဝတ်မှုများစွာကို အဓိက မှောင်ခိုကူးနေခဲ့သော ဂိုဏ်းဖြစ်သည်။
ဒေသခံမီဒီယာများက ဒုစရိုက်ဂိုဏ်းများဘက်မှ ဒရုန်းသုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း ဖော်ပြနေကြသည်။
လက်ရှိမှာပင် ရီယိုမြို့ရှိ စာသင်ကျောင်းပေါင်း ၅၀ ကို ပိတ်ထားခိုင်းကာ မလိုအပ်ဘဲ အိမ်ပြင်မထွက် ကြရန် ဘရာဇီးအစိုးရ တာဝန်ရှိသူများက သတိပေးထုတ်ပြန်ထားသည်။
ကိုကလင်း
Ref:Thesun
Photo Credit – AFP, Getty Image
#MeKongNews
#ဘရာဇီး
#ရီယိုဒီဂျနေးရိုး
#ရာဇဝတ်ဂိုဏ်း
#စစ်ဆင်ရေး








