မဲခေါင်၊ အောက်တိုဘာ၂၇
လက်ရှိ စစ်ကောင်စီနှင့် ရရှိထားသည့် စစ်ရပ်စဲရေး သဘောတူညီချက်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးမဟုတ်ကြောင်း MNDAA စစ်ဦးစီးမှူးချုပ် Mr. Peng De Ren က အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့်၂၀၂၅ ခုနှစ်၊ အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်း ဆင်းပွဲ၌ ပြောကြားသည်။
ယင်းပြောကြားချက်ကို ယနေ့ ကျရောက်သည့် ၁၀၂၇စစ် ဆင်ရေး၂နှစ်ပြည့်သည့် အောက်တိုဘာလ၂၇ ရက်နေ့ မှာ MNDAAက The Kokang မှာဖော်ပြလာခြင်းဖြစ်သည်။
ယင်းဖော်ပြချက်တွင်MNDAA စစ်ဦးစီးမှူးချုပ် စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးဧကန်သော ငြိမ်းချမ်းရေးမဟုတ်သေးကြောင်း အားလုံးသိရှိရမည်ဟု ပြောကြားခဲ့ပြီး စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိရန် လမ်းစဉ်မှာ ဝေးလံနေဆဲဖြစ်ပြီး တပ်သားအားလုံးသည် ပျက်ကွက်သည့် အတွေးအခေါ်များကို ပြင်းပြင်းထန်ထန် ရှောင်ရှားကာ၊ အမြဲတမ်း မြင့်မားသော သတိပေးချက်နှင့် မဟာဗျူဟာကျ သိရှိနားလည်မှုကို ထိန်းသိမ်းထားရမည်ဟု ပြောကြားခဲ့သည်ဟု ပါရှိသည်။
၎င်းအပြင် “၁၀၂၇”လုပ်ဆောင်ချက်မှ စတင်ခဲ့သည့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ပြန်လည်သုံးသပ်ရင်း၊ ယနေ့ရရှိထားသော စစ်ရေးရလဒ်များသည် မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များ၏ သွေးချွေးနှင့် အသက်ပေးလှူခဲ့မှုများဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကွပ်ကဲရေးမှူးအားလုံး သမိုင်းကို မှတ်မိရန်၊ ရလဒ်များကို တန်ဖိုးထားရန်၊ ရရှိပြီးသား စစ်ရေးရလဒ်များကို ဆက်လက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်အဖြစ်သို့ အသွင်ပြောင်းရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။
MNDAAသည် ၂၀၂၃ အောက်တိုဘာလ ၂၇ရက်တွင် ညီနောင်မဟာမိတ်များဖြစ်သည့် AA၊ TNLA၊ PDF များနှင့်အတူ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ စစ်တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်သည့် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ၁နှင့် ၂အတွင်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို MNDAA က သိမ်းပိုက်ခဲ့သည်။
သိမ်းပိုက်ရရှိခဲ့သည့် လားရှိူးမြို့ကို တရုတ်အစိုးရ၏ ဖိအားကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ၂၂ရက်နေ့တွင် စစ်ကောင်စီထံ ပြန်လည်လွှဲပေးခဲ့ရပြီး လက်ရှိတွင်လည်း သိန္နီမြို့ကို ပြန်ပေးရန် စစ်ကောင်စီက တရုတ်အကူအညီနှင့် ဖိအားပေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သို့သော်လည်း MNDAA က သိန္နီသို့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားခေါ်သွင်းကာ စီးပွားရေးအခိုင်အမာ ပြုလုပ်လျက်ရှိ
နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က မြန်မာပြည်သူလူထု၏ သဘောထားအတိုင်း စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း MNDAA၊ AAနှင့် TNLAတို့က ထုတ်ပြန်ကြွေးကြော်ခဲ့ဖူးခဲ့သော်လည်း MNDAA သည် လားရှိူးမြို့ကို ၂၀၂၄ သြဂုတ်လတွင် အပြီးသတ်သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီနှင့် မတိုက်တော့သည်မှာ ယခုချိန်ထိဖြစ်သည်။
AA နှင့် TNLA နှစ်ဖွဲ့ကမူ ၎င်းတို့ ထုတ်ပြန်ခဲ့သည့်အတိုင်း စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရန်ဆက် လက်၍ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
#MeKongNews
#ကိုးကန့်
#အပစ်ရပ်
#၁၀၂၇စစ်ဆင်ရေး
#တော်လှန်ရေး








