မဲခေါင်၊ အောက်တိုဘာ ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာတရုတ်နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေးဂိတ် ဆင်ဖြူပေါက်တွင် တရုတ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသားများ တစ်ပိုင်တစ်နိုင်ပစ္စည်းသယ်ယူရာ၌ စည်းကမ်းတကျတန်းစီခြင်း မရှိသူများကြောင့် ထိုးကြိတ်ရန်ဖြစ်မှုများ နေ့စဥ်လိုဖြစ်ပွားနေကြသည်ဟု မူဆယ်ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့လာသည်။
မူဆယ်မှ တရုတ်ဘက် ကြယ်ဂေါင်သို့ တစ်ပတ်ကပ်ခေါ် နယ်စပ်ဖြတ်ကူးခွင့်ကပ်ပြားဖြင့် တစ်ပိုင်တစ်နိုင်ကုန်ဝယ်ပြီးပြန်လာသူ များတွင် ယင်းကဲ့သို့စည်းကမ်းမရှိသူများကြောင့် တိုင်းပြည်သိက္ခာကျရသလို အရှက်လည်းရသဖြင့် ထိန်းသိမ်းသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လူ ၁၀၀မှာ ၁၀ ယောက်လောက်က စည်းကမ်းမရှိတာနဲ့ တရုတ်ဘက်မှာ အရှက်ရစေနေတာ၊ တရုတ်ရဲကလည်း အရင်က ထိန်းတယ်၊ အခု မထိန်းတော့ပဲ လွှတ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ”ဟု ၎င်းကပြောသည်။
နယ်စပ်ဖြတ်တစ်ပတ်ကပ်ဖြင့် တရုတ်နိုင်ငံမှ ကြယ်ဂေါင်မှ မူဆယ်သို့ လူတစ်ဦးတစ်နိုင် ၃၀ ကီလို သယ်ခွင့်ရနေသည့်အပေါ် ကုန်ပိုင်ရှင်များက တစ်ကီလိုလျင် ၅ ယွမ်မှ ၁၀ ယွမ်အထိ သယ်ခပေးနေသဖြင့် ကယ်ရီအဖြစ် သယ်ဆောင်သူ များပြားလျက်ရှိကြောင်း သိရသည်။
“တစ်ခေါက်ကို ယွမ် ၁၅၀ အထက် မြန်မာငွေ တစ်သိန်းကျော်ရနေတော့ ဒေသခံတွေကအစ အနယ်နယ်အရပ်ရပ်ကလာတဲ့သူတွေ၊ စစ်ရှောင်တွေ ဒီလိုပဲလုပ်သားကြရတာပေါ့” ဟု မူဆယ်၊ ဟိုနားရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းနယ်စပ်ဂိတ်ကို နေ့စဥ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဖွင့်ထားသဖြင့် နေ့စဥ် မြန်မာဘက်မှ ဖြတ်သန်းသူ အနည်းဆုံး ၆၀၀ အထက်တွင်ရှိနေကြောင်းသိရသည်။
နယ်စပ်ဖြတ်သန်းချိန် စည်းကမ်း ဖောက်ပါက ဖြတ်သန်းခွင့်လက်မှတ်သိမ်းဆည်းခံရပြီး တရုတ်ဘက်သို့သွားလာခွင့်မရတော့ဟု သိရသည်။
ယင်းကဲ့သို့ ကပ်ပြားသိမ်းဆည်းမှုက စည်းကမ်းထိန်းရန် လွယ်ကူသော်လည်း လတ်တလောတွင် စည်းကမ်းတကျ ထိန်းသိမ်းမှုကို မြန်မာဘက်ရောတရုတ် ဘက်ကပါ ပြုလုပ်ခြင်းရှိမနေသဖြင့် ယခုလို တန်းမစီဘဲ စည်းကမ်းပျက်ကာ ထိုးကြိတ်ရန်ဖြစ်မှုများဖြစ်ပွားနေရခြင်းဖြစိကြောင်း ဝေဖန်လျက်ရှိသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိမူဆယ်မှ ရွှေလီနယ်စပ်ဂိတ်များမှ လူဝင်လူထွက်ဦးရေ ၄ သန်းကျော်အထိရှိခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီ နယ်စပ်အဝင်အထွက် စစ်ဆေးရေးဌာနစာရင်းအရ Xingjing News တွင် ဖော်ပြထားသည်ကို လေ့လာသိရှိရသည်။
#MeKongNews
#မူဆယ်
#ဆင်ဖြူဂိတ်
#ရွှေလီမြို့
#ကြယ်ဂေါင်








