မဲခေါင်၊ အောက်တိုဘာ ၂၄
တရားမဝင်ကုန်စည်ကိစ္စများဖြင့် နံမည်ထွက်နေသူ ရှမ်းပြည်တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို နေပြည်တော်၌ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များက မဲခေါင်သို့ အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ၂၁ရက်က နေပြည်တော်သို့ သတင်းပို့ခိုင်းပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ပြောသည်။
“သူ့ PSO ပါတဲ့ ရပ်စောက်မှာမိတဲ့ တရားမဝင်ကုန်တွေ၊ မူးယစ်ဆေးဝါးတွေ၊ ကျောက်စိမ်းကိစ္စတွေကို PSO က ဝန်ခံတယ်။ အဲအပေါ်မှာ တိုင်းမှူးကိုဖမ်းတာပဲ။ သူ့အစား DSA 40 က တစ်ယောက်ကိုခန့်တယ်”ဟု ၎င်းကပြောသည်။
ယခုဖမ်းခံရသည့် နိုင်ဇော်ဦးအစား DSA 40 ဆင်း တမခ – ၈၈ မကွေးမှ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို ခန့်ထားလိုက်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
ဖမ်းဆီးခံရသည့် တိုင်းမှူး နိုင်ဇော်ဦးမှာ အလုပ်သင်ဗိုလ် (တေဇ)OTC 25 ဆင်းဖြစ်ပြီး ဗထူး ဗိုလ်သင် တန်းကျောင်းအုပ်ကြီးမှ ပြီးခဲ့သည့် သြဂုတ်လကမှ ရပခတိုင်းမှူး ဖြစ်လာသူဖြစ်သည်။
၎င်းသည် တိုင်းမှူး မဖြစ်ခင် ဗထူးတပ်နယ်တာဝန်ယူရစဥ်ကတည်းက PSO ဗိုလ်ကြီးရဲသူအောင်ကို တရားမဝင်ကုန်စည်များကိစ္စ ခိုင်းစေခဲ့သလို တိုင်းမှူးဘဝတွင်လည်း ရပ်စောက်ဘက်မှ တရားမဝင်ကောက်ခံရရှိသည့် လိုင်းကြေးများကို ဂါရဝကြေးအဖြစ် ရယူနေခဲ့သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။
၎င်းအပြင် ဒုချုပ်စိုးဝင်း၏ လူဖြစ်သည့် ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးက တရားမဝင်သစ်များသယ်ယူမှု နယ်ကျော်ဖမ်းသည့်ကိစ္စတွင် တိုင်းမှူး၏အကူအညီမပေးသည့်အပေါ် ဒုချုပ်သို့တိုင်ကြားသည့်ကိစ္စလည်း အဖမ်းခံရသည့် အကြောင်း အချက်တစ်ခုဟု အရင်းအမြစ်က ပြောသည်။
“သန့်ထင်စိုးက ရပခနဲ့ ရလခ နယ်ခြားအနီး ဆိုက်ခေါင်၊ ပွန်ချောင်းရလခနယ်ထဲ အထိဝင်ပြီး သစ်မှောင်ခိုတွေ၊ ယိုးဒယားကုန်တွေကို ကိုယ်တိုင်ဆင်းဖမ်းတယ်။ အဲဒီမှာ PNO နဲ့ပြဿနာတက်တော့ PNO က စနိုက်ပါနဲ့ ထောက်ပြီး ပစ်မယ်ခတ်မယ်ဖြစ်တယ်။ အဲဒါကို ရလခနဲ့ ရပခ တိုင်းမှူးနှစ်ယောက်က သန့်ထင်စိုးကို ဆွဲထုတ်ရတယ်။ ဒါကို သန့်ထင်စိုးက အဲလို ပြန်ဖမ်းဖို့ ပြန်ထွက်ဖို့ တိုင်းမှူးဆီ အင်အားအကူအညီတောင်းတာ ရပခတိုင်းမှူးက မလုပ်ပေးဘူး။ အဲတာကို သူ့ဆရာ ဒုချုပ် လက်ဖက်ခြောက် စိုးဝင်းကို လှမ်းတိုင်တာ” ဟု သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
စစ်တပ်အတွင်း တပ်မှူးကြီးများအဆင့်တွင် ယခုလိုဖြစ်စဥ်များကို ဇတ်တူသားစားခြင်း Dog Eats Dog World ဟု သုံးနှုန်းပြီး လက်သင့်ရာစားတော်ခေါ်၊ ဆရာတပည့်ဂိုဏ်းဖွဲ့၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နှိပ်ကွပ်နေခြင်းများ ပြုလုပ်နေသည့်အတွက် စစ်တပ်ပြိုဆင်းနေပြီဟု စစ်တပ်အငြိမ်းစားအရာရှိကြီးတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဗိုလ်မှူးချုပ်သန့်ထင်စိုးမှာ DSA 41 ဆင်းဖြစ်ပြီး ၎င်းမှာ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းအဖြစ် ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဟိုပုံး နည်းပညာကျောင်းအုပ်အဖြစ် ပြန်လည်ခန့်ထားခံရသူ ဖြစ်ကြောင်းစုံစမ်းသိရသည်။
Updated – 11:30 am, Oct 24
[မူလသတင်းတွင် “ဖမ်းခံရသည့် နိုင်ဇော်ဦးနေရာ၌ ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် DSA 40 ကိုခန့်ထားကြောင်း” ဖော်ပြချက်အစား “ယခုဖမ်းခံရသည့် နိုင်ဇော်ဦးအစား DSA 40 ဆင်း တမခ – ၈၈ မကွေးမှ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို ခန့်ထားလိုက်ကြောင်း” ဖော်ပြချက်ဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်]
#MeKongNews
#ရပခ
#နိုင်ဇော်ဦး
#တရားမဝင်ကုန်စည်
#ဗိုလ်မှူးချုပ်သန့်ထင်စိုး








