မဲခေါင်၊ အောက်တိုဘာ ၂၀
အမေရိကန်တွင် ဒီမိုကရေစီအင်အားအကြီးဆုံးနိုင်ငံဖြစ်ပါလျှက် သမ္မတဒေါ်နယ်ထရမ့်သည် ဘုရင် တစ်ပါးသဖွယ် ထင်မြင်ရာလုပ်နေသဖြင့် ဒီမိုကရေစီတွင် ဘုရင်မရှိဆိုသော No Kings ဆန္ဒပြလှုပ်ရှားမှုများ လုပ်ဆောင်နေရာ နိုင်ငံတဝန်း ပြည်နယ် ၅၀ လုံး၌ လမ်းပေါ်ထွက် ဆန္ဒပြသူပေါင်း ၇ သန်း ရှိလာသည့်တိုင် ဒေါ်နယ်ထရမ့်က အားလုံးကို လှောင်ပြောင်ပြီး AI ဖြင့်လုပ်ထားသော ဗီဒီယိုအား ၎င်း၏ လူမှုကွန်ရက် Truth Social ၌ တင်ခဲ့သည်။
ယင်း AI ဗီဒီယိုတွင် ထရမ့်သည် သရဖူဆောင်းထားပြီး တစ်ဦးတည်းမောင်းနှင့်သည့် ဂျက်လေယာဉ် ဘေးတွင်လည်း King Trump ဆိုသော စာသားရေးဆွဲထားကာ Times Square တွင် ဆန္ဒပြနေသည့် လူအုပ်ကြီးပေါ်သို့ မစင်ဟု ရှု့မြင်ရနိုင်သည့် ရွံ့နှစ်ရည်များ ဗုံးကြဲသလို ကြဲချမှုများကို ပြသထားသည်။
နိုင်ငံတစ်ဝန်း ခိုလှုံရောက်ရှိသူများစွာကို နေရပ်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခြင်းများ၊ နိုင်ငံတကာ အထောက်အပံ့များ ရပ်ဆိုင်းခြင်းများ၊ အစိုးရဌာနနှင့်အေဂျင်စီများစွာကို ဖြုတ်ပယ်ခြင်းများ၊ မြို့ကြီးများတွင် မကျေနပ်သဖြင့် အရပ်သားဆန္ဒပြမှုများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ကာ စစ်သားများစေလွှတ် ထိန်းသိမ်းခြင်းများကြောင့် ဒီမိုကရက်တစ်ပါတီ ထောက်ခံသူများနှင့် ပြည်သူ ၇ သန်းအထိက လမ်းပေါ်ထွက်ကာ ထရမ့်အား No Kings ဆန္ဒပြလှုံဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် လပိုင်းများမှ စတင်ပြီး အမေရိကန်မြို့များတွင် Antifa ခေါ် ဖက်ဆစ်ဆန့်ကျင်ရေးလက်ဝဲစွန်း အဖွဲ့အစည်းများ ဦးဆောင်ကာ အကြမ်းဖက်ဆန္ဒပြမှုများ ကျူးလွန် နေသဖြင့် မိမိသည် ဘုရင်တစ်ဦးအဖြစ် အာဏာရှင်စနစ်ကို လက်ကိုင်ထားခြင်းမဟုတ်ဘဲ အမေရိကန် နိုင်ငံသားများအတွက် နိုင်ငံတိုးတက်ရန်အတွက် လုပ်ဆောင်ရသည့်တာဝန်များဖြစ်သည်ဟုဆိုကာ ထို ဆန္ဒပြမှုများသည် ၎င်းသမ္မတသက်တမ်း ၂ ဆက်အတွင်း အကြီးမားဆုံး လူထုအုံကြွမှုဖြစ်သော်လည်း နောက်ကွယ်က ရန်ပုံငွေထောက်ပံ့သွေးထိုးပေးနေသော လှုပ်ရှားမှုသာဖြစ်ကာ Antifa ကို အကြမ်းဖက် အဖွဲ့အဖြစ်လည်း သတ်မှတ်ထားသည်ဟု ရှင်းလင်းထုတ်ပြန်သွားခဲ့သည်။
ထရမ့်က ထိုသို့ငြင်းဆိုနေကာ ပြည်ပအထောက်အပံ့များဖြင့် မိမိအား ဆန့်ကျင်နေသည်ဟု ဆိုသော်လည်း အမေရိကန် နိုင်ငံသား လွတ်လပ်ခွင့်များ သမဂ္ဂထုတ်ပြန်ချက်တွင် No Kings ထရမ့်ဆန့်ကျင်ရေး လှုပ်ရှားမှုအား နိုင်ငံတစ်ဝန်း ပြည်နယ် ၅၀ စလုံးကျင်းပခဲ့သည့် ဆန္ဒပြပွဲ ၂၅၀၀ ခု၌ ပါဝင်သူပေါင်း ၇ သန်းရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဒေါ်နယ်ထရမ့်
#NoKings
#အမေရိကန်
#ဒီမိုကရေစီ








