မဲခေါင်၊ အောက်တိုဘာ ၁၅
စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းသို့ စစ်ကောင်စီပြောက်ကျားအထူးတပ်ဖွဲ့ဝင် အချို့ ဝင်ရောက်နေပြီဖြစ်ကြောင်း သီပေါမြို့ခံများက ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီက ဘော်ကြိုရွာနှင့် သီပေါမြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ရွာ ၄ရွာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိ ပင်မစစ်ကြောင်းမှာလည်း သီပေါမှ ၃မိုင်သာဝေးသည့် နားခဲရွာသို့ ရောက်ရှိလာခဲ့ပြီးနောက် အထူးတိုက်ခိုက်ရေးတပ်အချို့ သီပေါမြို့စွန်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကွန်မန်ဒိုတွေလို့သိရတယ်။ မြို့ထဲတော့ TNLA အချို့ရှိသေးတယ်။ စစ်မရှောင်တဲ့ပြည်သူတွေလည်းရှိတယ်။ အများစုကတော့ သီပေါတံတားတဖက် ကိုးကန့်ဘက် ခုမှရှောင်ကြတယ်။ ပစ်ခတ်မှုကတော့ရှိတယ်” ဟု ပန်းတိမ်တောင်ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သီပေါမြို့ပေါ်ရပ်ကွက်များမှာ တောင်မြို့၊ မီးရထားမြန်မာရပ်၊ အနောက်ရပ်၊ မြို့လယ်ရပ်၊ အုတ်ကျင်းရပ်၊ ဈေးရပ်၊ ရွှေကျောင်းရပ်၊ပန်းတိမ်မြောက်၊ ပန်းတိမ်တောင်နှင့် ယခင်သီပေါထောင်ရှိရာ ဇာတ်စုရပ်တို့ဖြစ်ပြီး စစ်မရှောင်နိုင်သူ အနည်းငယ်မှအပ အားလုံးနီးပါး စစ်ရှောင်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။
“မြို့ထဲကတော့ ရှောင်တာတွေရှိတယ်။ လားရှိုး၊ ဆောင်ကြဲ၊ နမ့်လန်ဘက် အချို့က သီပေါတံတား ကိုးကန့်ရှိတဲ့ဘက်၊ မြို့ဟောင်း၊ ပန်စောက်မိန်း၊ ကုန်းသာဘက်တွေ ရှောင်ကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
မြေပြင်တပ်များ သီပေါသို့ဝင်ရောက်နိုင်ရန် စစ်ကောင်စီ၏ လေတပ်က Y – 12 ဖြင့်ယမန်နေ့က ဗုံးများကြဲချခဲ့ရာ ကျောက်မဲ ဘက်
အထွက် သီပေါမြို့ပြင်တိုးဂိတ်အောက် မန်ဟဲကျေးရွာအုပ်စု ဖြစ်သည့် ခါလိန်၊ မန်ဟဲ၊ ဂေါ်ဒန်စသည့် ရွာများ၊ လွယ်မုတ်တောင် တဝိုက်၊ မြို့ပြင် တိုးဂိတ်ဝန်းကျင်နှင့် နမ့်ဟူးနွဲ့ရွာနားတဝိုက်သို့ ဗုံးအများအပြား ကြဲချခဲ့ကြောင်း ဒေသခံများနှင့် SSPP Info က ယမန်နေ့ညနေပိုင်းက ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၅ရက် နံနက်ပိုင်းတွင်လည်း သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စုအတွင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နေ့လည် ၃နာရီခန့်တွင် ဘော်ကြိုအုပ်စုအတွင်းရှိ နားခိုင်းကျေးရွာနှင့် ကောင်းခါးကျေးရွာတို့တွင် တိုက်ပွဲ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်ဘက်တွင် အင်အား ၃၀၀ ခန့်ရှိကြောင်း SSPP Info က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ရွာကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်ဝန်းကျင်ခန့်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက်မပြည့်သူမိန်းကလေးငယ်၂ဦးသေဆုံးပြီး၊ ၁၀ နှစ်အောက်ကလေး ၃ဦး နှင့် အမျိုးသမီး ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ မူကြိုကျောင်းနှင့် နေအိမ် ၈ အိမ်၊ ဆိုင်ကယ် ၆ စီး ထိခိုက်ပျက်စီးခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထာသည်။
Photo – SSPP Info
#MeKongNews
#သီပေါမြို့နယ်
#စစ်ကောင်စီ
#TNLA
#ကွန်မန်ဒိုတပ်
#ဘော်ကြိုကျေးရွာအုပ်စု
#ကောင်းခါးကျေးရွာ








