မဲခေါင်၊ အောက်တိုဘာ ၁၅
စက်တင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် လူငယ် လူမိုက်ဂိုဏ်းအချင်းချင်း အချင်းများရာမှ လက်စားချေတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် လူမှားပြီး ဓားခုတ်ခံရသဖြင့် လက်ပြတ်ထွက်သွားခဲ့သော ၁၄ နှစ်အရွယ် ကျောင်းသူလေး၏ လက်အား အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့ပြီဖြစ်သည်။
ဂိုဏ်းအချင်းချင်းရန်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းလူမျိုး၊ မြန်မာနိုင်ငံသားတစ်ဦးက ထိုမိန်းကလေးသည် ဦးဆောင်း ဆောင်းထားသဖြင့် လူမှားပြီး ဓားဖြင့်ခုတ်မိခြင်းဖြစ်ကြောင်း ဖွင့်ပြောခဲ့ကာ နောက် ၂ ရက်အကြာ တွင် ရဲတပ်ဖွဲ့က သံသယတရားခံ ၁၅ ယောက်ကို ဖမ်းဆီးခဲ့သည်။
ယင်းမိန်းကလေးသည် လက်ပြတ်စဉ်က ချင်းမိုင် မဟာရက်နာခွန်းချင်းမိုင် ဆေးရုံကြီးသို့ အားချင်းတက်ရောက်ကာ သွေးထွက်လွန်ပြီး အားနည်းမှုအတွက် အထူးကုသမှုခံခဲ့သည်။
ထို့နောက် နာရီ ၂၀ ကြာ ခွဲစိတ်ကုသမှုခံယူကာ လက်ကို ပြန်ဆက်စေရန် ဆရာဝန်များ ကြိုးစားခဲ့မှုသည် အောင်မြင်ခဲ့ပြီး အခင်းဖြစ်ပြီး ၂၄ ရက်အကြာ အောက်တိုဘာ ၁၀ ရက်တွင် ဆေးရုံမှပင် ဆင်းသွားနိုင်ခဲ့သည်။
လက်ပြန်ဆက်သည့် ခွဲစိတ်ကုသမှု၌ အရွတ် ၂၁ ခု၊ အာရုံကြော ၆ ခု၊ သွေးလွှတ်ကြောကြီးတစ်ခု၊ သွေးပြန်ကြော ၃ ခုတို့အား အသေးစိတ်ပြန်လည် ဆက်ပေးခဲ့ကာ အလှူရှင်များဆီမှ တစ်သျှူးများ ရယူကာ ကောင်းမွန်သည့် အနားနေရာ တစ်သျှူးသစ်များပြန်မွေးဖွားပေးခြင်းကို လုပ်ဆောင်ပေး နိုင်သဖြင့် ၉၀ ရာခိုင်နှုန်း အကောင်းအတိုင်းနီးပါးအထိ ပြန်လည် ဆက်ပေးနိုင်ခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ဌာနမှူး ဒေါက်တာနာရိန်းချိုတီရော့စ်နီရာမစ်က ရှင်းလင်းပြောကြားသွားခဲ့သည်။
ခွဲစိတ်အပြီး အလုံးစုံ အကောင်းပကတိအနေအထား ချက်ချင်းပြန်မရနိုင်ခြင်းမှာ သာမန်အခြေအနေ သာဖြစ်ကာ လက်ရှိ လက်ချောင်းတချို့ လှုပ်နိုင်သော အာရုံသိမှုကို ပြန်လည်ရရှိကာ အနာနေရာသည် လည်း ခြောက်သွေ့ပြီး သွေးလည်ပတ်စီးဆင်းမှုပိုင်း၊ တစ်သျှူးများ ပျက်စီးသေဆုံးမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ကလေးစိတ်ကျန်းမာရေးဆရာဝန်များ၏ အကူအညီကြောင့် စိတ်ပိုင်းဆိုင် ရာတွင်လည်း ကောင်းမွန်နေခဲ့ပြီဟု ဒေါက်တာနာရိန်းက ဘန်ကောက်ပို့စ်သို့ ပြောကြားသွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ချင်းမိုင်
#ဆေးပညာ
#လူမိုက်ဂိုဏ်း








