မဲခေါင်၊ အောက်တိုဘာ ၁၄
TNLA ထိန်းချုပ်သည့် နမ့်ဆန်မြို့နယ်အတွင်းရှိ အုမ်းမစွမ်ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက်ပိုင်း ၇နာရီ ၁၅ မိနစ်ခန့်တွင် ဗုံးများလာရောက်ကြဲချရာ တစ်ဦးသေ၊ ၃ဦးဒဏ်ရာရကာ နေအိမ်၆ လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးသူမှာ ၁၇နှစ်အရွယ် မသင်းသင်းနွယ် ဖြစ်ကြောင်း၊ ၎င်း၏ညီမ မမေသင်းနွယ် ၁၅နှစ်မှာ ပြင်းထန်ဒဏ်ရာရပြီး မိုင်းကောင်းချစ်ဖြိုး ၁၀နှစ်နှင့် ယာနိုင်လင်း ၃၅နှစ်တို့ ဒဏ်ရာရရှိကြောင်း သိရသည်။
“တစ်အိမ်ထဲ အတူထိတာ၊ အမက သေတယ်၊ ဒဏ်ရာတွေတော့ပြင်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက နမ့်ဆန်မြို့နယ်ကို ဆက်တိုက်ဗုံးကြဲနေရာ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၄ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ဦးသေဆုံးခဲ့ပြီး ကလေး ၆ဦးအပါအဝင် ပြည်သူလူထု ၉ဦးထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၆အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သေးသည်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားသည့် မြို့၊ ကျေးရွာများကို ဆက်တိုက်ဗုံးကြဲနေခဲ့ရာပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်မှ ယနေ့ အောက်တိုဘာ၁၄ ရက်အထိ ၉ ရက်အတွင်း ပြည်သူ၃၂ဦးသေဆုံးခဲ့ပြီး၃၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။
#MeKongNews
#နမ့်ဆန်မြို့နယ်
#အုမ်းမစွမ်ရွာ
#TNLA
#စစ်ကောင်စီ
#လေကြောင်းဗုံးကြဲ








