မဲခေါင်၊ အောက်တိုဘာ ၁၃
အောက်တိုဘာ ၁၁ ရက်ညက ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ် အနည်းဆုံး နေရာ ၆ နေရာတွင် နှစ်ဖက်တပ်များ လက်နက်ငယ်၊ လက်နက်ကြီး၊ အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် စစ်သား ၅၈ ယောက်သေဆုံးပြီး ၃၀ ဒဏ်ရာရကာ နယ်စပ်တစ်လျှောက် တပ်စခန်း ၂၅ ခု သိမ်းပိုက်နိုင်ခဲ့သည်ဟု အောက်တိုဘာ ၁၂ ရက်၌ အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟယ်လာမူဂျာဟစ်က ထုတ်ပြန်သွားခဲ့သည်။
ယခုတိုက်ပွဲသည် အောက်တိုဘာ ၉ ရက်က ကာဘူးလ်မြို့တွင် ဗုံးခွဲတိုက်ခိုက်ခြင်း၊ နိုင်ငံရှေ့ဖျားရှိ အများသူငှာစည်ကားရာ စျေးအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများကို ပါကစ္စတန်ဘက်မှ ကျူးလွန် ခဲ့ခြင်းကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု မူဂျာဟစ်က ဆက်လက်ပြောဆိုသွားခဲ့သည်။
ပါကစ္စတန်သည် မိမိတို့အချုပ်အခြာအာဏာပိုင် နယ်မြေထဲ ဆက်ကာဆက်ကာ ရန်စတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကာ မိမိတို့ဘက်မှ စစ်သား ၂၃ ယောက် နယ်စပ်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်ဟုလည်း မူဂျာဟစ်က ဆိုသည်။
အောက်တိုဘာ ၁၂ ရက်မနက်ပိုင်းတွင် ပါကစ္စတန်အစိုးရဘက်မှ ညတိုက်ပွဲသည် အောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ကာ တာလီဘန်နှင့် မဟာမိတ်အကြမ်းဖက်အဖွဲ့မှ စစ်သား ၂၀၀ ကျော် သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သေးသည်။
တာလီဘန်ဘက်ကမူ နယ်စပ်ဒေသများကို ထပ်မံထိပါးမှုမရှိစေရေး ရန်သူစခန်း ၂၅ ခုအားသိမ်းပိုက်ပြီး အခြေအနေများကို ထိန်းချုပ်ထားနိုင်သည်ဟု ထုတ်ပြန်ခဲ့ပြန်သည်။
ပါကစ္စတန်အနောက်တောင်ပိုင်း နယ်စပ်ဖြတ်ကျော် ချာမန်ဒေသကိုလည်း ပိတ်ထားရကာ ပါကစ္စတန် အတွင်း ခိုလှုံနေရသည့် အာဖဂန်ဒုက္ခသည်များလည်း လုံခြုံရေးအခြေအနေပိုမိုစိုးရိမ်စရာရှိနေသဖြင့် ဒုက္ခသည်စခန်းများမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်သည်။
ကိုကလင်း
Ref: telegraphindia
#MeKongNews
#အာဖဂန်နစ္စတန်
#ပါကစ္စတန်
#တာလီဘန်
#ချာမန်ဒေသ








