မဲခေါင်၊ အောက်တိုဘာ ၁၂
တောင်ကြီးမြို့မှာ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပျော့ကာနေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခန့်က မိုးသည်းထန်စွာရွာပြီးနောက် ညောင်ဖြူစခန်းရပ်ကွက်(မြေဖြူရပ်ကွက်)၊ နယ်မြေ(၇)၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းအနီး ရေချောင်းဘေးကပ်လျက်က သွပ်မိုးထရံကာာနေအိမ်တစ်လုံး ရေတိုက်စားမှုကြောင့် အောက်ခံမြေသားပျော့ကာ အိမ်အလုံးလိုက် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အစတည်းက လူတွေမရှိကြတော့ဘူး။ အန္တရာယ်ရှိလို့ ရပ်ကွက်ကပြောင်းခိုင်းထားတာကြာပြီ၊ တအိအိနဲ့ပြိုကျပြီး ဘေးအိမ်တွေပါဆွဲချသွားတာ၊ ပြိုကျတဲ့အောက်ဖက်လည်း အိမ်တွေရှိတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
၎င်းပြိုကျသည့်အိမ်ဘေးမှ ရေချောင်းသည် အမြင့်ပေ ၃၀ ခန့်မှ အောက်ရှိရေချောင်းထဲကို အမြင့်မှစီးဆင်းသည့် တောင်ကျချောင်းဖြစ်ကာ ရေတိုက်စားမှုအလွန်ကောင်းသော မြေပေါ်တွင် အိမ်ဆောက်ထားခြင်းဖြစ်သည်။ ပြိုကျချိန်တွင် လျှပ်စစ်မီးပျက်နေခဲ့ပြီး ပြိုကျမှုကြောင့် ကပ်လျက်အိမ်တချို့ပါ မြေပျော့ကျကာ အိမ်စောင်းကျသွားခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ယင်းပြိုကျပျက်စီးသွားသည့် အိမ်များထံ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ အကူအညီမပေးသည့်အတွက် ရှင်းလင်းရေးပြုလုပ်ရန်အတွက် ယနေ့ နံနက်တွင် တောင်ကြီးမြို့မှ လူမှုကူညီရေးအဖွဲ့များ သွားရောက်ကူညီနေရပြီး ထိခိုက်မှုအခြေအနေအား အတိအကျ မသိရသေးပေ။
တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄ ခုနှစ်က အပြင်းထန်ဆုံးရေကြီးမှုဖြစ်ပေါ်ပြီးနောက် အောက်ခံကျောက်မြေမဟုတ်သည့် တောင်စောင်းမြေ၊ ကမ်းပါးမြေ၊ ဖို့မြေများ၊ သစ်ပင်ကြီးမရှိသည့်မြေများ ပြိုကျမှုများ မကြာခဏတွေ့နေရသည်။
#MeKongNews
#တောင်ကြီး
#မြေပြို
#အိမ်ပြို








