မဲခေါင်၊ အောက်တိုဘာ ၉
မလေးရှားအစိုးရက ယနေ့ (အောက်တိုဘာ ၉ ရက်) တွင် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် မြန်မာနိုင်ငံ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မလေးရှားသည် လက်ရှိအာဆီယံ အလှည်ကျဥက္ကဌ တာဝန်ထမ်းဆောင်နေချိန် မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ရေး တတ်စွမ်းသမျှ ကြိုးစားရန် မြန်မာနိုင်ငံသို့ တစ်ရက်တာ ခရီးစဉ်သွားရောက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မြန်မာ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး ၁ နှစ်အကြာ အာဆီယံမှ ချမှတ်ပေးခဲ့သော လမ်းစဉ် (၅) ရပ်ကို ထိပ်တန်း စစ်ခေါင်းဆောင်တချို့ လက်ခံခဲ့ပြီးမှ အကောင်အထည်မဖော်သဖြင့် မြန်မာစစ်အစိုးရကို အာဆီယံ အစည်းအဝေးများမှ ပိတ်ပင်ထားခဲ့သည်။
သို့သော် မြန်မာပြည်တွင်းစစ်သည် စစ်အာဏာရှင်နှင့် တော်လှန်ရေးတပ်များအကြား တံခါးပိတ်အသွင်ဖြင့် တိုက်ပွဲများ ပြင်းထန်နေသည့်ကြားမှ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ကာ ၎င်းတို့ စစ်အာဏာ ဆက်လက်တည်မြဲစေရန် အတိုက်အခံပါတီများအား ဖယ်ရှားပြီး လက်အောက်ခံပါတီအနည်းငယ်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပလိုနေခြင်း ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် ဇူလိုင်လက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံသည် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ ဦးစားပေးအဖြစ် ရှုမြင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေး ကတိကဝတ်များကိုလိုက်နာခြင်းကသာ အဓိကကျကြောင်း ပြောဆိုခဲ့ဖူးသည်။
ယခု နေပြည်တော်ခရီးစဉ်တွင်လည်း စစ်ကောင်စီအား ငြိမ်းချမ်းရေး အဆိုပြုချက်များကို လိုက်နာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများကို ဝင်ရောက်ခွင့်ပြုခြင်းနှင့် အားလုံး ပါဝင်သည့် စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာရန် တိုက်တွန်းရေး ရည်ရွယ်သွားရောက်ခြင်းဖြစ်သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: straitstimes
#MeKongNews
#မလေးရှား
#အာဆီယံ
#မင်းအောင်လှိုင်
#စစ်ကောင်စီ
#မိုဟာမက်ဟာဆန်








