မဲခေါင်၊ အောက်တိုဘာ ၉
ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန် ပျက်စီးသွားခဲ့သည်ဟု TNLA ပြန်ကြားရေးက ယမန်နေ့ အောက်တိုဘာ ၈ ရက် ညပိုင်းက ထုတ်ပြန်သည်။
ကျောက်မဲမြို့နယ်ရှိ ယင်းနမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်းရေးအပိုင်း(၂)တွင် စစ်ကောင်စီက ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့ပြီး ယခုထပ်မံ၍ ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
တံတားကျိုးဖြစ်စဥ်တွင် ယမန်နေ့က သီပေါနှင့်နမ္မတူကြားရှိ မိုးတေတံတားကို TNLA က မိုင်းခွဲချိုးဖျက်ကြောင်း စစ်ကောင်စီထောက်ခံလော်ဘီများက လူမှုကွန်ရက်တွင် သတင်းတုဝိုင်းတင်ခဲ့ကြပြီး အမှန်တကယ်မှာ စစ်ကောင်စီကသာ နမ့်မန်းတံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ပြောသည်။
“ကျနော်တို့ သီပေါကပါ။ မိုးတေတံတားကျိုးတဲ့သတင်းတွေတက်လာလို့ မကျိုးကြောင်း သေချာဖြေပေးနေပါတယ်” ဟု သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်သားတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီသည် သတင်းတု၊ သတင်းမှားများဖန်တီးပြီး ပြည်သူလူထုနှင့် တော်လှန်ရေးတပ်များအကြား သွေးကွဲစေရန်လုပ်ဆောင်နေသည့်အတွက် သတိချပ်သင့်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်တစ်ဦးက မဲခေါင်သို့ပြောသည်။
“သတင်းကို သတင်းနဲ့ သတ်နေတာမှာ တကယ့်မြေပြင်အရှိတရားကို လူထုထံ သေချာရောက်ဖို့လိုတယ်။ ခုက စစ်တပ်က သူတို့လုပ်တာကို TNLAကို ပုံဖျက်ချင်လို့ မီဒီယာနဲ့အတုဖန်တီးပြီးတိုက်တာ။ ပြည်သူတွေ သတိချပ်ပြီး ချင့်ယုံစေချင်တယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် မြန်မာတစ်နိုင်လုံးတွင် လေကြောင်းအသာဖြင့် စစ်ရေးပစ်မှတ်၊ အရပ်ပစ်မှတ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို နိုင်ငံတကာက အရေးယူပေးရန် ပြည်သူများက တောင်းဆိုလျက်ရှိသည်။
#MeKongNews
#ကျောက်မဲ
#နမ့်မန်းတံတား
#မိုးတေတံတား
#စစ်ကောင်စီဝါဒဖြန့်
ပုံအညွှန်း – စစ်ကောင်စီဗုံးကြဲမှုကြောင့် ပျက်စီသွားသည့် နမ့်မန်းတံတားနှင့် လက်ရှိမိုးတေတံတား








