မဲခေါင်၊ အောက်တိုဘာ ၈
စစ်ကောင်စီက မကြာသေးမီက အင်အားသုံး သိမ်းယူထားသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာအနီးတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်နှင့် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
ယမန်နေ့အောက်တိုဘာ ၇ရက် နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေပိုင်းအထိဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“KNDF နဲ့ PDF 1007 တပ်ရင်းတွေ ပြန်တိုက်နေတာ မြေပြင်တိုက်ပွဲအခြေအနေ မသိရသေးဘူး။ စစ်ခွေးတွေအထိနာလို့ လေယာဥ်ပစ်ကူပေးနေရပြီ” ဟု သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ယင်းတောင်မဲသင်းရွာ တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ယနေ့ အောက်တိုဘာ ၈ရက်နေ့၌ တိုက်ပွဲဖြစ်ပွားနေခြင်းရှိ၊ မရှိ ထပ်မံသိရှိရရန်ဒေသခံတော်လှန် ရေးအင်အားစုများကို မဲခေါင်က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
PNO သေဆုံးသူများ နာရေးပုံကို ၎င်းတို့ထောက်ခံသူများက လူမှုကွန်ရက်တွင်ဖော်ပြနေကြသလို တောင်မဲသင်းပြည်သူများလည်း စစ်ဘေးရန်က ထွက်ပြေးနေကြရကြောင်း စစ်ရေးသတင်းများတင်နေသူတစ်ဦးက မဲခေါင်သို့ ပုံများပေးပို့ လာသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုရှိ တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊ လုံးပျဉ်စသည့် ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်များနှင့် ကရင်နီပူးပေါင်းတပ်များလက်ထဲမှ အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်ရယူခဲ့ခြင်းဖြစ်ရာမှ ယခု တော်လှန်ရေးအင်အားစုဘက်မှ ပြန်လည် တိုက်ခိုက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ကရင်နီနှင့် ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ နဲ့ တော်လှန်ရေးအင်အားစုများကြား ကြိုးကြားတိုက်ပွဲတွေဖြစ်နေကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်KNDFက အောက်တို ဘာ ၆ရက်က ထုတ်ပြန်ထားသည်။
#MeKongNews
#ပင်လောင်း
#တောင်မဲသင်းရွာ
#PNO
#လုံးပျဉ်ကျေးရွာအုပ်စု
#တိုက်ပွဲ
ပုံအညွှန်း – တိုက်ပွဲတွင်သေဆုံးသည့် PNO ပြည်သူ့စစ်နာရေးမြင်ကွင်းနှင့် ဒေသခံများ စစ်ရှောင်နေရသည့် မြင်ကွင်း








