မဲခေါင်၊ စက်တင်ဘာ ၂၉
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် မကြာသေးမီက ပြောင်းလာသည့် ဒုရဲမှူးကြီးနေမျိုး၏ သားအငယ်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မျိုးခန့်သော်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် (၂)လမ်းရှိ ငှားနေသည့် နေအိမ်တွင် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဒုရဲမှူးကြီးနေမျိုးမှာ လွန်ခဲ့သည့် ၃လခန့်က မိုင်းယန်းမြို့နယ်မှ တဆင့် တာချီလိတ်ခရိုင်ရဲမှူး (ယာယီ) အဖြစ် ပြောင်းရွှေ့လာသူဖြစ်ပြီး လတ်တလော မယ်ခေါင် (၂)လမ်းတွင် အိမ်ငှားရမ်းနေထိုင်နေရာ ယင်း အိမ်တွင် ၎င်း၏ သားဖြစ်သူ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
“သူ့သားက အရင်က သစ်တောက ဝန်ထမ်း၊ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဝန်ထမ်းကနေထွက်လိုက်တာ။ အဲဒီကတည်းက သားအဖက မတည့်တာ။ သူ့သားကို အမြဲတမ်းဆူဆဲနေတာ။ အဲဒါတွေကြောင့်ပဲ သတ်သေသွားတယ်လို့ သုံးသပ်ကြတယ်” ဟု ၎င်းကပြောသည်။
တာချီလိတ်ခရိုင်ရဲရုံးရှိ ခရိုင်မှူးနေအိမ်မှာ ယခင်ခရိုင်မှူး၏ ပစ္စည်းများ ရှိနေသေးသည့်အတွက် ဒုရဲမှူးကြီးနေမျိုးမှာ ခရိုင်ရဲရုံးအနီးရှိ မယ်ခေါင် ၂လမ်းတွင် အိမ်ငှားနေထိုင်ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့် သားဖြစ်သူ၏ အလောင်းကို မဟာမြတ်မုနိဝန်းအတွင်းထားရှိပြီး နာရေးကို ယင်းနေရာမှသာ စီစဉ်ကြောင်း စုံစမ်းသိရသည်။
သားဖြစ်သူ ကြိုးဆွဲချ အဆုံးစီရင်သော်လည်း ခရိုင်ရဲမှူးနေမျိုးမှ ရောဂါဖြင့်သေဆုံးသည်ဟုသာ ပြောဆိုထားပြီး သေမှုသေခင်းမဖွင့်ရန် ဖုံးကွယ်ထားကြောင်း သိရသည်။
ယင်းတာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နေမျိုးမှာ ဌာနတွင်းဝန်ထမ်းများကြား နာမည်ဆိုးထွက်သူဖြစ်ပြီး ၎င်း၏ လုပ်ရပ်များကြောင့် ဌာနတွင်း လုပ်ဖော်ကိုင်ဖက်များ များစွာ စိတ်ဒုက္ခရောက်ရကြောင်း၊ ၎င်းကို ခရိုင်ရုံးမှ ရဲများက တာချီလိတ်သမ္မတဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း ခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဦးနေမျိုးက တောင်ကြီးမြို့နယ်မှူး ဒုခရိုင်မှူး လုပ်တုန်းကရဲချုပ်က ရပခ ဒုတိုင်းမှူး။ သူနဲ့ပဏာတင့်တယ်။ ဒုတိုင်းမှူးကို ၅၀၅ တွေ နိုင်ငံရေးအမှုတွေနဲ့ ရှာကျွေးခဲ့တာ။ အဲ့တာကြောင့် သူရာထူးတိုးတော့ မိုင်းယန်းကနေ တာချီလိတ်ခေတ္တခရိုင်မှူးဆိုပြီး ရဲချုပ်ကလွှတ်လိုက်တာ။ တောင်ကြီးမှာတုန်းက သူတ်ု့နှစ်ယောက် နာမည်ကြီး ဆရာတပည့်။ ခုလဲ ခေတ္တကနေ အတည်ဖြစ်ရမယ်တဲ့ သူ့ဆရာကရဲချုပ် ဘယ်သူ့မှကြောက်စရာမလိုဘူးပြောတယ်” ဟု ၎င်းကပြောသည်။
ဦးနေမျိုးမှာ တောင်ကြီးတွင် ဒုခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ကျစဉ်ကျတည်းက ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများကို အင်တိုက်အားတိုက်ဖမ်းဆီးသည့်အတွက် နာမည်ကြီးသူဖြစ်ပြီး လူထု၏ မုန်းတီးမှုကို ခံရသည့် ရဲတစ်ဦးဖြစ်ကြောင်း တောင်ကြီး ဒေသခံများထံမှ သိရသည်။
#MeKongNews
#တာချီလိတ်
#ခရိုင်ရဲတပ်ဖွဲ့မှူး
#နေမျိုး
#အဆုံးစီရင်
#တောင်ကြီးမြို့








