မဲခေါင်၊ စက်တင်ဘာ ၂၇
၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ အခေါင်အချုပ် တာဝန်ယူခဲ့သည့် ယော့ဆီကိုဟန်က ဟားမက်စ်များကိုအပြီးအပြတ်နှိမ်နင်းပြီးနောက် ဂါဇာကမ်းမြောင် ဒေသအား ပြန်လည်ထူထောင်တည်ဆောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဆာ တိုနီဘလဲအား ဂါဇာမြို့တော်ဝန်အဖြစ် ဦးဆောင်သွားစေလိုသည်ဟု ထောက်ခံပြောဆိုသွားခဲ့သည်။
မော့ဆက်အဖွဲ့ ခေါ်ယူစေခိုင်းသည့်စပိုင်များအနက် အသက်အငယ်ဆုံးသူဖြစ်ခဲ့သည့် ကိုဟန်သည် လက်ရှိ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနေရာကို ဆက်ခံမည့်သူအဖြစ် တစ်ပြေးနေသလို ၎င်း ကိုယ်တိုင်ကလည်း ဆက်ခံလိုသည်ဟု ဖွင့်ပြောထားသည်။
အစ္စရေး အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ လည်းဖြစ်သော ကိုဟန်က ဗြိတိန်သည် ပါလက်စတိုင်းနိုင်ငံတော်ကို ထောက်ခံခဲ့မှုအား လုံး၀လက်မခံ နိုင်သော်လည်း စစ်ပြီးလျှင် အမျိုးမျိုးသော အခြေအနေဖြင့် ဂါဇာကိုပြန်လည်ထူထောင်ကာ အုပ်ချုပ်ရေးပုံစံသစ်ချမှတ်သွားရေး တိုနီဘလဲအား ဦးဆောင်စေလိုသည်ဟု ပြောသွားခြင်းဖြစ်သည်။
“အဓိက ပြဿနာက စစ်ပြီးသွားတဲ့ နောက်နေ့ လူဦးရေ ၂ ဒသမ ၂ သန်းရှိတဲ့ ဂါဇာကမ်းမြောင်ဒေသကို ဘာလုပ်ကြမလဲဆိုတာပါ။ ဘယ်သူက ဦးဆောင်မလဲဆိုတာပါ။ ပါလက်စတိုင်း အာဏာပိုင်တွေကို ကျွန်တော်တို့ အခွင့်အရေးတွေ ပေးခဲ့ပေမယ့် သူတို့က ဒီနေရာကို ကမ္ဘာ့အနက်ဆုံး တွင်းနက်ကြီး ဖြစ်အောင် လုပ်သွားခဲ့တယ်။ ပါလက်စတိုင်းနိုင်ငံတော် အသိအမှတ်ပြု တည်ထောင်ဖို့ ဗြိတိန်နဲ့ တခြားနိုင်ငံတွေ လက်ခံတာကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဖြစ်လာစရာလည်း မရှိဘူး။ ပါလက်စတိုင်းမှာ ခေါင်းဆောင်တွေက နုံချာတယ်။ ရှိလည်း ရှိမနေဘူး။ မိုဟာမက် အဘက်စ်ကို ခေါင်းဆောင်အဖြစ်ခေါ်လို့လည်း မရဘူး။ သူဟာ ပြည်သူရွေးတဲ့ခေါင်းဆောင်၊ ပြည်သူတွေလက်ခံတဲ့ သူလည်း မဟုတ်ဘူး။ ဒါကြောင့် စစ်ပြီးရင် ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေပူးပေါင်းပြီး ဂါဇာနိုင်ငံတကာ အုပ်ချုပ်မှုကူးပြောင်းရေးအာဏာပိုင်အဖွဲ့ GITA ထူထောင်မယ်။ တိုနီဘလဲနဲ့ ကျွန်တော် ကောင်းကောင်း သိတယ်။ သူအဆိုပြုထားတဲ့ ဂါဇာပြန်လည်ဖွဲ့စည်းထူထောင်ရေး အဆိုကိုလည်း ကြိုက်တယ်။ ဘုရားသခင် သူ့ကိုကောင်းချီးပေးမှာပါ။ ဒါကြောင့် တိုနီဘလဲဟာ ဂါဇာမြို့တော်ဝန် အဖြစ် ပြန်လည်ဖွဲ့စည်းထူထောင်ရေးမှာ ဦးဆောင်တာကို ထောက်ခံချင်ပါတယ်” ဟု ကိုဟန်က ထောက်ခံပြောဆိုသွားသည်။
အစ္စရေးနှင့်စစ်ပွဲပြီးလျှင် ဂါဇာကို မည်သို့ ပြန်လည် ထူထောင်မည်ဆိုခြင်းမှာ ဝိဝါဒကွဲပြားမှုများ ရှိနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာနေ ပါလက်စတိုင်းများအားလုံးအား လျော်ကြေး လောက်ငှစွာပေးပြီး အနည်းဆုံး ၁၀ နှစ် ဂါဇာမှ ထွက်သွားစေပြီး ကမ္ဘာကျော် အပန်းဖြေအဆင့်မြင့် နေရာဖြစ်သည့် ရီဗားရီးယားကဲ့သို့ အလှဆုံး၊ အဆင့်အမြင့်ဆုံး မြို့အဖြစ် ထူထောင်သွားလိုသည်ဟု အကြံပြုထားသည်။
နက်တန်ယာဟုကလည်း ဟားမက်စ်များအားလုံးကို သုတ်သင်ခြင်း၊ ဖမ်းဆီးခြင်း များလုပ်ပြီးလျင် ၎င်းတို့အား အာရပ်တစ်နိုင်ငံငံသို့ လွှဲအပ်ကာ ဂါဇာတွင် ပြည်သူတင်မြှောက်မည့် အကြမ်းဖက်မူဝါဒကင်းရှင်းသော အစိုးရ ပြန်ဖွဲ့လိုသည်ဟု ပြောဆိုထားသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#မော့ဆက်
#ဂါဇာ
#တိုနီဘလဲ








