မဲခေါင်၊ စက်တင်ဘာ၂၅
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့မှ ရဲစခန်းမှူးနှင့် နယ်ထိန်းတာဝန်ခံ ဖြိုးမင်းထိုက်တို့သည် မူးယစ်ဆေးဝါးဖမ်းရာမှ သိမ်းဆည်းရမိသည့် ငွေနှင့်ကားတို့ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ၁၇ရက်က မိုင်းယောင်းမြို့၊ ဟောင်ကြန့်အုပ်စု၊ ဝမ်တာပေါက်ကျေးရွာအနီးမှ ငါးကန်အား မူးယစ်ဆေးသတင်းအရ ဝင်ရောက် ရှာဖွေကြရာမှ မူးယစ်ဆေးဝါးများ၊ လုပ်သေနတ်များ၊ ထိုင်းဘတ်ငွေ ၃၅၀၀၀ နှင့် ငါးကန်ပိုင်ရှင်၏ VIGO ခဲရောင်ကားကို ရဲစခန်းသို့ သိမ်းယူသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယင်းဖြစ်ရပ်တွင် ငါးကန်ပိုင်ရှင်မှာ အရေးယူခံခဲ့ရသော်လည်း သိမ်းဆည်းသွားသည့် ဘတ်ငွေ ၃၅၀၀၀ နှင့် VIGO ကားမှာ သက်သေခံစာရင်းတွင် မပါရှိဘဲ စခန်းမှူးနှင့်နယ်ထိန်းတာဝန်ခံမှ ၎င်းတို့ ကိုယ်ကျိုးအတွက် ယူဆောင်ထားခဲ့ကြသည်ဟု အမှုအကြောင်းသိသည့် ဒေသခံတစ်ဦးက ပြောသည်။
“ကားကို အဖမ်းမပြချင်ရင် ဘတ်တစ်သိန်းပေးရမယ်ဆိုလို့ ငွေပေးရွေးခဲ့ရတယ် သိရတယ်။ ဘတ်ငွေ ၃၅၀၀၀ လည်း ပြန်မရသလို သက်သေခံစာရင်းမှာလည်း မပြဘူး။ သူတို့ အလွဲသုံးစားလုပ်တာ” ဟု ၎င်းက ပြောသည်။
၎င်းအပြင် အခြားဒေသခံတစ်ဦးက ယင်းရဲစခန်းမှူးသည် ကျိုင်းတုံမှ လူကြီးလာသည်ကို အကြောင်းပြကာ ပုံမှန် လစဥ်လိုင်းကြေးပေးနေသည့် KTVနှင့် ၂လုံး၃လုံး လာအိုထီ၊ ထိုင်းထီဒိုင်များကို ကျပ်၅သိန်းစီ တောင်းခံခဲ့မှုများ ရှိခဲ့သည်ဟု မဲခေါင်သို ပြောသည်။
သို့အတွက် အကျင့်ပျက်လဒ်စားသော ရဲစခန်းမူးနှင့် နယ်ထိန်းတာဝန်ခံ ဖြိုးမင်းထိုက်နှင့်အဖွဲ့အား ရဲဌာနဆိုင်ရာ အကြီးအကဲများက အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများက လိုလားလျက်ရှိကြောင်း မဲခေါင်သို့ ယနေ့ စက်တင်ဘာ၂၅ရက်တွင် သတင်းပေးပို့လာသည်။
#MeKongNews
#ရှမ်းအရှေ့
#မိုင်းယောင်း
#မူးယစ်ဆေးဝါး
#ဖမ်းဆီးရရှိမှု








