မဲခေါင်၊ စက်တင်ဘာ ၂၄
စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၆ မိနစ်နှင့် ၁ နာရီ မိနစ် ၂၀ တွင် ကမ္ဘောဒီးယား နယ်စပ်မှ လက်နက်ငယ် ပစ်ခတ်သံ ၂ ကြိမ်ထွက်ပေါ်လာရာ ထိုင်းဘက်သို့ ပစ်ခတ်မှုသည် လုံခြုံရေး တပ်များကို ရန်စခြင်းဟု ထိုင်းအစိုးရဘက်မှ ထုတ်ပြန်မှုကို မဟုတ်မှန်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မာလီဆိုချီတာက ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ကျည် ၃ ချက်မှ ၅ ချက်အထိ ထွက်သော ပစ်ခတ်မှု ၂ ကြိမ်သည် ထိုင်းနယ်နိမိတ်ဘက်သို့ ရောက်ရှိသည်ဆိုသော်လည်း ဇူလိုင် ၂၈ ရက်က မလေးရှားတွင် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မိမိတို့ဘက်မှ မဆုတ်မနစ် လိုက်နာကြောင်း၊ ယခုပစ်ခတ်မှုသည်လည်း ထိုင်းဘက်မှ ထင်သလိုမဟုတ်ဘဲ နှစ်ဖက်ဆက်သွယ် ပေါင်းစည်းဆွေးနွေးမှုအရ ပြေလည်သွားပြီ ဖြစ်ကြောင်း၊ မတော်တဆ ကျည်ထွက်သွားခြင်းသာဖြစ်ကာ မိမိတို့ဘက်မှ ရာထူးအဆင့်အားလုံး ဖြင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးမြှင့်တင်ရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်သည်ဟု ဆိုချီတာက ထုတ်ပြန်ခဲ့သည်။
ယင်းပစ်ခတ်သံများကြောင့် ထိုင်း – ကမ္ဘောဒီးယားနယ်စပ်နေ ထိုင်းပြည်သူများစွာသည် ပြန်လည် စစ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် နေအိမ်များစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်မှုများလည်း ဖြစ်ခဲ့ရသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက မည်သည့် စစ်ပွဲမှမဖြစ်ဟု အာမခံကာ နေအိမ်ပြန်လာကြရန်၊ နေအိမ်မှ ထွက်မသွားကြရန် ဖျောင်းဖြခဲ့ရကြောင်း သိရသည်။
ကိုကလင်း
Ref: phnompenhpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်ဒေသ
#မလေးရှား








