ဆောင်းပါး

ပါလက်စတိုင်းအသိအမှတ်ပြုမှုနဲ့ မပြီးဆုံးသေးတဲ့ ဂါဇာစစ်ပွဲ …

မဲခေါင် 24 Sep - 2025
~ CWM ~ ဒီရက်ထဲမှာ ဂါဇာ သတင်းက ထိပ်တန်း ရောက်လာတယ်။ ကုလသမဂ္ဂမှာ ဂါဇာစစ်ပွဲပြီးဆုံးရေး(two-state soultion) ညီလာခံ ကျင်းပသလို အထင်ကရ ဥရောပနိုင်ငံကြီး ဗြိတိန်ကလည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ကြေညာခဲ့တယ်။ အလားတူ ကနေဒါ၊ဩစတြေးလျ၊ ပေါ်တူဂီတို့ကလည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ကြတယ်။ ကုလသမဂ္ဂမှာ ပါလက်စတိုင်းအရေး ဆွေးနွေးနေကြတုန်းမှာပဲ တနင်္ဂနွေနေ့က ဂါဇာမှာ အစ္စရေးတပ်ရဲ့ ပစ်ခတ်မှုနဲ့ ပါလက်စတိုင်းလူမျိုး (၇၀)ကျော် သေဆုံးခဲ့တယ်။ (၂)နှစ်အတွင်း ဂါဇာမှာ အစ္စရေးတပ်တွေ ထိုးစစ်ဆင်၊ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားကြတဲ့ ပါလက်စတိုင်းလူမျိုး အရေအတွက်ဟာ (၆၅၂၀၈)ယောက် ရှိသွားပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြေညာတယ်။ ဂါဇာမှာ လူမသေတဲ့နေ့ မရှိဘူး။ နေ့စဉ်နေ့တိုင်း

~ CWM ~

ဒီရက်ထဲမှာ ဂါဇာ သတင်းက ထိပ်တန်း ရောက်လာတယ်။ ကုလသမဂ္ဂမှာ ဂါဇာစစ်ပွဲပြီးဆုံးရေး(two-state soultion) ညီလာခံ ကျင်းပသလို အထင်ကရ ဥရောပနိုင်ငံကြီး ဗြိတိန်ကလည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ကြေညာခဲ့တယ်။ အလားတူ ကနေဒါ၊ဩစတြေးလျ၊ ပေါ်တူဂီတို့ကလည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ကြတယ်။

ကုလသမဂ္ဂမှာ ပါလက်စတိုင်းအရေး ဆွေးနွေးနေကြတုန်းမှာပဲ တနင်္ဂနွေနေ့က ဂါဇာမှာ အစ္စရေးတပ်ရဲ့ ပစ်ခတ်မှုနဲ့ ပါလက်စတိုင်းလူမျိုး (၇၀)ကျော် သေဆုံးခဲ့တယ်။ (၂)နှစ်အတွင်း ဂါဇာမှာ အစ္စရေးတပ်တွေ ထိုးစစ်ဆင်၊ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားကြတဲ့ ပါလက်စတိုင်းလူမျိုး အရေအတွက်ဟာ (၆၅၂၀၈)ယောက် ရှိသွားပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြေညာတယ်။

ဂါဇာမှာ လူမသေတဲ့နေ့ မရှိဘူး။ နေ့စဉ်နေ့တိုင်း ပါလက်စတိုင်းတွေ သေဆုံးနေတယ်။ ဒီစာရေးနေချိန်မှာပဲ ဂါဇာစီးတီးမှာ အစ္စရေးတပ်က ပစ်ခတ်လို့ အနည်းဆုံး လူ ၂၀ သေတယ်လို့ ဒေသဆေးရုံသတင်းတွေက ဆိုတယ်။ အခုနောက်ဆုံး ဂါဇာစီးတီးတခုလုံးကို ထိန်းချုပ်ဖို့ ရောက်လာတဲ့ အစ္စရေးတပ်တွေဟာ လူနေအဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးပစ်ကြတယ်။ ဟားမတ်စ်အကြမ်းဖက်သမားတွေ ခိုအောင်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဆောက်အဦးတွေ ဗုံးခွဲဖျက်ဆီးကြတာဖြစ်တယ်။ နေ့စဉ်ဗုံးကြဲဖျက်ဆီးခံခဲ့ရတဲ့ ဂါဇာဟာ (၂)နှစ်အတွင်းမှာ အဆောက်အဦးအပြိုအပျက်တွေနဲ့ ကွန်ကရစ်မြေစာပုံဘဝကို ရောက်ရှိသွားတယ်။ (၂) နှစ်အတွင်း ဂါဇာဒေသခံ ပါလက်စတိုင်းလူမျိုး (၂)သန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားတယ်။ ပြေးစရာ မြေမရှိ။ စားစရာ ပေါင်မုန့်မရှိ။ ဂါဇာမှာ စစ်ပွဲကြောင့်သေဆုံးရသူတွေ၊ အစာရေစာ ငတ်ပြတ်လို့ သေဆုံးကြရသူတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပြီး အနိဌာရုံတွေဟာ တနေ့တခြား ဆိုးရွားလို့ လာနေတယ်။

ပြီးခဲ့တဲ့အပတ် (စက်တင်ဘာ-၁၈)ရက်နေ့က ဂါဇာမှာ အစ္စရေးဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့တယ်။ အစ္စရေးရဲ့ ထိုးစစ်တွေ ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ပေးဖို့၊ ဂါဇာစစ်ပွဲ အမြန်အဆုံးသတ်ဖို့ အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့ (၁၀)နိုင်ငံက လုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့တယ်။ ဒါကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တယ်။

စစ်ပွဲပြီးဆုံးဖို့၊ စစ်ရပ်စဲဖို့ တောင်းဆိုတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ အဆိုပြုချက်တခုဟာ ကမ္ဘာ့အင်အားကြီး အမေရိကန်ရဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချခြင်းကို ခံလိုက်ရတယ်။

စက်တင်ဘာ(၂၂)ရက်နေ့က ကုလသမဂ္ဂမှာ ဂါဇာစစ်ပွဲနဲ့ ဆက်စပ်ပြီး နှစ်နိုင်ငံဖြေရှင်းချက်( two-state solution) ညီလာခံ ကျင်းပခဲ့တယ်။ ဗြိတိန်က အဆိုပြုပြီး ပြင်သစ် နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ မာမွတ် အာဘတ်စ် လူကိုယ်တိုင် တက်ရောက်ခွင့်မရခဲ့ဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မပေးဘဲ ပိတ်ပင်ထားလို့ ဖြစ်တယ်။

နှစ်နိုင်ငံ ဖြေရှင်းချက် ( two-states solution ) ဆိုတာ အစ္စရေးနဲ့အတူ ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုတာဖြစ်တယ်။ ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃)နိုင်ငံအနက် နိုင်ငံ ၇၅% က ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုတယ်။ စက်တင်ဘာ(၂၁)ရက်မှာ ဗြိတိန်ဝန်ကြီးချုပ် ကိုင် စတာမာ ကိုယ်တိုင် ပါလက်စတိုင်းနိုင်ငံကို ဗြိတိန်နိုင်ငံက တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ကြေညာခဲ့တယ်။ ဗြိတိန်နဲ့အတူ ကနေဒါ၊ ဩစတြေးလျ နဲ့ ပေါ်တူဂီတို့ကလည်း တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာခဲ့ကြတယ်။

“တနေ့တခြားဆိုးရွားလာနေတဲ့ အရှေ့အလယ်ပိုင်းက ထိတ်လန့်ဖွယ်ရာ အခြေအနေဆိုးတွေကြားက ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံဖြေရှင်းချက်အတွက် ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို ကျွန်တော်တို့ တရားဝင် အသိအမှတ်ပြုလိုက်ပါပြီ။ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ဂါဇာမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ ငတ်မွတ်မှု၊ သေကြေပျက်စီးရမှုတွေဟာ သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပါပြီ” လို့ ကိုင်စတာမာက ပြောကြားခဲ့တယ်။

ဗြိတိန်က ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း ကြေညာပြီး နောက်တနေ့မှာပဲ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်းကုလသမဂ္ဂညီလာခံမှာ ကြေညာခဲ့တယ်။ ” ငြိမ်းချမ်းဖို့ အချိန်ကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဂါဇာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲအတွက် ဘယ်လိုအကြောင်းပြချက်မှ မလိုတော့ပါဘူး” လို့ မက်ခရွန်က ပြောကြားခဲ့တယ်။

ပြင်သစ် နဲ့ ဆော်ဒီအာရေဗျတို့ ပူးတွဲပြီး ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံကို အမေရိကန်က တက်ရောက်ခြင်း မရှိသလို အစ္စရေးလည်း မတက်ပါဘူး။ ဂျာမနီ နဲ့ အီတလီတို့လည်း တက်ရောက်ခြင်း မရှိခဲ့ဘူး။ ဒီအစည်းအဝေးမှာပဲ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ မော်လ်တာ၊ အင်ဒိုရာ နဲ့ ဆန်မာရီနိုနိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံကို ပြင်သစ်နဲ့အတူ အသိအမှတ်ပြုခဲ့ကြတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃)နိုင်ငံအနက် နိုင်ငံပေါင်း (၁၅၀)ကျော်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပေမယ့် အမေရိကန် နဲ့ အစ္စရေးကတော့ လက်မခံပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်က ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း ကြေညာလိုက်တဲ့အခါ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ” ဒါဟာ အကြမ်းဖက်သမားတွေကို ဆုချတာပဲ” လို့ ပြောဆိုလိုက်တယ်။ ဗြိတိန်ရဲ့ ကြေညာချက်ကို အမေရိကန်ကလည်း ထောက်ခံအားပေးခြင်းမရှိဘူး။

သမ္မတ ဒေါ်နယ် ထရမ့်ဟာ ပြီးခဲ့တဲ့အပတ်ကပဲ ဗြိတိန်ကို ” နိုင်ငံတော်အလည်အပတ်ခရီး” (state visit) သွားရောက်ခဲ့တယ်။ သူ့အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုနိုင်ဘူးလို့ ဒီခရီးစဉ်မှာ ပြောကြားခဲ့တယ်။

ကမ္ဘာကြီးရဲ့ ဖြစ်စဉ်တွေဟာ အံ့အားသင့်စရာ ကောင်းခဲ့တယ်။ ဂါဇာမှာ အစ္စရေးတွေ ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ ” စစ်ရာဇဝတ်မှုဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်တယ်” လို့ မကြာသေးခင်က ကုလသမဂ္ဂမှာ အတည်ပြုခဲ့တယ်။ အမှန်တကယ်လည်း ဂါဇာ စစ်ပွဲဟာ နှစ် နှစ်တာအတွင်း ပါလက်စတိုင်းပြည်သူ ၆၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဂါဇာစီးတီးအပါအဝင် ဂါဇာကမ်းမြောင်ဒေသတခုလုံး ဗုံးကြဲဖျက်ဆီးခံခဲ့ရတယ်။ ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်းပြည်သူ (၂)သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ပြေးစရာ မြေမရှိ၊ စားစရာ ပေါင်မုန်မရှိ၊ အငတ်ဘေးဆိုက်ခဲ့ရတယ်။ ခုချိန်ထိလည်း စစ်ပွဲက မပြီးဆုံးသေးဘူး။ အစ္စရေးတပ်တွေဟာ နောက်ဆုံးမြေပြင်ထိုးစစ်ဆင်နွှဲနေပြီး ဟားမတ်စ်တွေ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးပစ်နေတယ်။

ဂါဇာစစ်ပွဲဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ(၇)ရက်မှာ စတင်ခဲ့တယ်။ လာမယ့် အောက်တိုဘာ(၇)ရက်မှာ စစ်ပွဲသက်တမ်း နှစ် နှစ်ပြည့်ပါပြီ။ စ ခဲ့တုန်းကတော့ ဂါဇာဒေသက ဟားမတ်စ် ပြောက်ကျားတွေက အစ္စရေးနိုင်ငံထဲ အုတ်တံတိုင်းတွေကို ကျော်ပြီး ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာက စခဲ့တာဖြစ်တယ်။ အစ္စရေးဘက်ခြမ်းမှာ ဂီတပွဲတော်တခု ကျင်းပနေစဉ် ပွဲခင်းထဲကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အစ္စရေးနိုင်ငံသားနဲ့ နိုင်ငံခြားသား (၁၂၀၀)ကျော် သေဆုံးခဲ့ရပြီး လူပေါင်း (၂၅၁) ယောက်ကို ဟားမတ်စ်တွေက ဓါးစာခံအဖြစ် ဂါဇာထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။

ဂါဇာစစ်ပွဲရဲ့အစက ဟားမတ်စ်အကြမ်းဖက်အဖွဲ့ကြောင့် ဖြစ်ပြီး အစ္စရေးရဲ့ လက်တုန့်ပြန်မှုက ဂါဇာကမ်းမြောင်ဒေသတခုလုံးကို မြေစာပုံဖြစ်စေခဲ့တယ်။

ဂါဇာကမ်းမြောင်ဒေသ ဆိုတာ မြေထဲပင်လယ်ကို မျက်နှာမူထားတဲ့ ကျဉ်းမြောင်းတဲ့ နယ်မြေကလေးပဲဖြစ်တယ်။ ပါလက်စတိုင်းလူမျိုးတွေ အခြေချနေထိုင်ပြီး စစ်မဖြစ်ခင် ၂၀၂၃ ခုနှစ် အထိ ဂါဇာစီးတီးဟာ အင်မတန်သာယာလှပတဲ့ ပင်လယ်ကမ်းခြေမြို့တမြို့ ဖြစ်ခဲ့တယ်။ ဒီမြို့က အဆောက်အဦးတွေအားလုံး ခုတော့ အစ္စရေးဗုံးကြဲလို့ ပျက်စီးကုန်ပြီဖြစ်တယ်။

ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အကြောင်းပြုပြီး ဂါဇာငြိမ်းချမ်းရေးအတွက် အဆိုပြုလာတဲ့ ခုချိန်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ နောက်ခံသမိုင်းလည်း ပြောဖို့လိုလာတယ်။ ဒီနေ့ မြင်တွေ့နေရတဲ့ အစ္စရေးမြေပုံဟာ မှန်ကွဲစ တခုနဲ့ တူနေပြီး အဲဒီမှန်ကွဲစထဲမှာ အကွက်ကြီးတခုနဲ့ စတုဂံပုံအကွက်သေးသေးတခု ချိုင့်ဝင်နေတယ်။ အကွက်ကြီးက အနောက်ဘက်ကမ်းဒေသ ဖြစ်ပြီး စတုဂံပုံ သေးသေးလေးက ဂါဇာကမ်းမြောင်ဒေသပါ။

ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အခါ နိုင်ငံမဲ့ ဂျူးတွေဟာ ဒီဒေသမှာ နိုင်ငံထူထောင်ဖို့ ရောက်လာကြတယ်။ ဒီဒေသမှာ နေထိုင်သူတွေက ပါလက်စတိုင်းတွေ ဖြစ်တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်နဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းကို နေရာခွဲပေးတဲ့အခါ ပါလက်စတိုင်းတွေက မကျေနပ်လို့ ၁၉၆၇ခုနှစ်မှာ အစ္စရေး-အာရပ် စစ်ပွဲဖြစ်ခဲ့တယ်။ ဒီစစ်ပွဲမှာ အာရပ်တွေ စစ်ရှုံးခဲ့တယ်။ ပါလက်စတိုင်းတွေ အတွက် သတ်မှတ်ပေးထားတဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ်တွေ ပြန်ဆုတ်ပေးလိုက်တယ်။

ဒီနေ့ အသိအမှတ်ပြုလိုက်တဲ့ ပါလက်စတိုင်းနိုင်ငံဆိုတာ အနောက်ဘက်ကမ်း(ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်ဒေသ)နဲ့ ဂါဇာကမ်းမြောင်ကို ဆိုလိုတယ်။ မြို့တော်အဖြစ် အရှေ့ ဂျေရုဆလင်ကို ကုလသမဂ္ဂက သတ်မှတ်ပေးထားတယ်။

ဗြီတိန်၊ ပြင်သစ်၊ပေါ်တူဂီ၊ ကနေဒါ၊ ဩစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်ပေမယ့် ပါလက်စတိုင်းနယ်မြေတွေဟာ လက်ရှိ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ၁၉၉၀ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestinian Authority) ရှိပေမယ့် ကိုယ်ပိုင် စစ်တပ်မရှိဘူး။ အခု စစ်ပွဲဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြောင်ဒေသကျတော့ ဟားမတ်စ်အဖွဲ့ရဲ့ လက်အောက်မှာ ရှိတယ်။ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးကို အသိအမှတ်မပြုဘူး။ ဒါ့ကြောင့် အစ္စရေးက ဟားမတ်စ်ကို အပြုတ်တိုက်နေသလို စစ်ပွဲက ဒီနေ့အထိ မပြီးသေးဘူး။ ကြားထဲမှာ ဓါးစာခံတွေ ပြန်လွှတ်ပြီး အကျဉ်းသားချင်း လဲလှယ်မှုတွေ ရှိခဲ့ပေမယ့် ခုချိန်ထိ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓါးစာခံ ၄၀ ကျော်လောက် ကျန်နေသေးတယ်လို့ ဆိုတယ်။ အစ္စရေးက ဒီ ကျန်နေတဲ့ ဓါးစာခံတွေအကုန်လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ဟားမတ်စ်တွေက ပြန်မလွှတ်ဘူး။ ဒီလိုနဲ့ စစ်ပွဲဟာ အဓွန့်ရှည်နေတယ်။ ကြားထဲမှာ မြေစာပင်ဖြစ်ရတာက ပါလက်စတိုင်းပြည်သူတွေ။

ဟားမတ်စ် နဲ့ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ ကလည်း သဘောထားမတူဘူး။ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့က အစ္စရေးနိုင်ငံတည်ရှိမှုကို လက်ခံပြီး ဟားမတ်စ် အကြမ်းဖက်အဖွဲ့ကို လက်မခံဘူး။

လက်ရှိအခြေအနေမှာတော့ ခေါင်းမာပြီး အမျိုးသားရေးအစွန်းရောက်တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းတည်ရှိမှုကို လက်မခံသလို ဟားမတ်စ်တွေကိုလည်း အပြီးတိုင် ချေမှုန်းမယ်လို့ ဆိုတယ်။ ဒါကို အမေရိကန်သမ္မတ ထရမ့်ကလည်း ထောက်ခံအားပေးနေတယ်။ နေတန်ယာဟုက ပေါ်ပေါ်တင်တင်ပဲ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးအိမ်ရာတွေ တိုးချဲ့မယ်လို့ ဆိုနေသလို ဒီဒေသကို ပါလက်စတိုင်းကို ပြန်မပေးဘူးလို့လည်း ပြောဆိုနေတယ်။

အံ့အားသင့်စရာကောင်းတာက စစ်ပွဲဆင်နွှဲနေတဲ့ အစ္စရေး နဲ့ အမေရိကန်ပဲ။

အမေရိကန်ရဲ့ ဆယ်စုနှစ်ကြာ မူလ ပါလက်စတိုင်းဆိုင်ရာ သဘောထားက ( two state solution) ကို သဘောတူ ထောက်ခံခဲ့တာဖြစ်တယ်။ ခု သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ အမေရိကန်ရဲ့ မူဝါဒက ပြောင်းလဲသွားတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဟာ ဝါရှင်တန်ကို သွားရောက်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တယ်။ ဒီတွေ့ဆုံမှုအပြီးမှာ ဂါဇာစစ်ပွဲပြီးဆုံးရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က အဆိုတခုတင်တယ်။ ဂါဇာဒေသ အုပ်ချုပ်ရေးကို အမေရိကန်က လွှဲပြောင်းရယူပြီး ဂါဇာ ပြန်လည်ထူထောင်ရေး အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ ဒါကို အစ္စရေးက ထောက်ခံတယ်။ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို ပြင်သစ် Riviera ကမ်းခြေလိုသာယာလှပတဲ့ အပန်းဖြေမြို့အဖြစ် ဖန်တီးချင်တယ်လို့ ဆိုတယ်။

ဒီအစီအစဉ် အကောင်အထည်ဖော်ဖို့ဆိုရင် လက်ရှိ ဂါဇာစီးတီးရဲ့ အပျက်အစီးတွေအားလုံးကို ရှင်းလင်းဖို့ လိုသလို ဒေသခံ ပါလက်စတိုင်းတွေကို ဘယ်မှာ သွားထားမလဲဆိုတဲ့ မေးခွန်းရှိလာတယ်။ ထရမ့်ရဲ့ အစီအစဉ်က ပါလက်စတိုင်းတွေ ဂါဇာကနေ ရွှေ့ပြောင်းပေးရမယ်။ သူတို့ကို လက်ခံမယ့် အာရပ်နိုင်ငံတွေက နေရာခြောက်ခုမှာ နေရာချပေးရမယ်လို့ ဆိုတယ်။ ထရမ့်ရဲ့အစီအစဉ်ကို အစ္စရေးကလွဲပြီး ဘယ်နိုင်ငံမှ မထောက်ခံဘူး။

လက်ရှိချိန်မှာ အစ္စရေးရဲ့ ဂါဇာအပေါ်ကျူးလွန်မှုတွေဟာ သည်းခံနိုင်စွမ်းမရှိတော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ကိုင်စတာမာက ဆိုတယ်။ ဂါဇာငြိမ်းချမ်းရေးအတွက် ( two state solution) ကို အကောင်အထည်ဖော်ဖို့ လိုနေပြီး ပါလက်စတိုင်းကို ပြင်သစ်၊ ဘယ်လ်ဂျီယံတို့ပါ တရားဝင် အသိအမှတ်ပြုလာကြတယ်။

ဒီနေရာမှာ ဂျာမနီ၊ အီတလီ၊ ဂျပန် အစရှိတဲ့ နိုင်ငံတချို့က ပါလက်စတိုင်းကို တရားဝင်အသိအမှတ် မပြုသေးဘဲ နေတာလည်း တွေ့ရတယ်။ ဂျာမနီက ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာမယ့် လုပ်ငန်းစဉ်တွေအားလုံး ပြီးဆုံးချိန်အထိ စောင့်ကြည့်ပြီးမှ အသိအမှတ်ပြုမယ်လို့ ဆိုတယ်။

ကမ္ဘာကြီးဟာ အကျိုးစီးပွားကိုယ်စီနဲ့ ရပ်တည်နေကြတာ ဖြစ်တယ်။

စစ်ပွဲတွေကိုရပ်ဖို့ တဖက်က ပြောနေပေမယ့် တဖက်က စစ်ပွဲတွေကို အားပေးနေတယ်။

အနိဌာရုံတွေ ပြည့်နှက်နေတဲ့ ဂါဇာဒေသစစ်ပွဲ ပြီးဆုံးရေး လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်ဟာ အစ္စရေးဘက်က ရပ်တည်ပြီး စစ်ပွဲမရပ်ရေး ဗီတိုအာဏာ အသုံးပြုခဲ့တယ်။

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တုန်းကလည်း စစ်ပွဲပြီးဆုံးရေး လုံခြုံရေးကောင်စီအစည်းအဝေးမှာ ရုရှားက ဗီတိုအာဏာအသုံးပြုပြီး ပယ်ချခဲ့တယ်။ တရုတ်က ဘာမှဝင်မပြောဘဲ ကြားနေခဲ့တယ်။

စက်တင်ဘာ(၂၂)ရက်က ကျင်းပတဲ့ ပါလက်စတိုင်းဆိုင်ရာ နှစ်နိုင်ငံဖြေရှင်းချက် (two states solution) ညီလာခံမှာ ပြင်သစ်သမ္မတ မက်ခရွန်က- “မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေကြောင့် ဆိုကျိုးတွေသာ ဖြစ်လာနိုင်တယ်” လို့ သတိပေးခဲ့ပြီး “အမှန်တရားကသာ အင်အားကို အမြဲတမ်း လွှမ်းမိုးနိုင်ရမယ်” ( Right must always prevail over Might)” လို့ ပြောဆိုသွားခဲ့တယ်။

“အင်အားကသာ အမှန်တရားကို ဆုံးဖြတ်” နေတဲ့ ဒီနေ့ကမ္ဘာမှာ “အမှန်တရားက အင်အားကို ဆုံးဖြတ်နိုင်မလား” စောင့်ကြည့်ကြရုံပဲ ရှိတယ်..။

#CWM. ref: UK formally recognises Palestinian state and other news. BBC World
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now