မဲခေါင်၊ စက်တင်ဘာ ၂၁
ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။
ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက ရှမ်းမြောက်မှသည် ရှမ်းတောင် တောင်ကြီးနှင့် အခြားမြို့များသို့ လာရသည့် ရှမ်းမြောက်မြို့များဖြစ်သည့် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် စသည့်မြို့များမှ လာသူ စစ်ရှောင်များ၊ ခရီးသည်ကုန်သည်များထံ တောင်းခံလာခြင်းဖြစ်သည်ဟု ခရီးသွားယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။
“အရင်က အတက်ကားပဲ ၁၃ မျဥ်းစောင်း မဟုတ်ရင် တောင်းတာ၊ ခုက ၁၃ မျဥ်းစောင်းကို ကိုးကန့်၊ ပလောင် (တအာန်း)ဆို အဆင်းလည်း ရစ်တောင်းတောင်းပြီ။ သတ်မှတ်ချက်မရှိဘူး။ လူကြည့်၊ လူမျိုးကြည့်ပြီး တစ်သောင်းကနေ တစ်သိန်းထိတောင်းလာတာ။ ကားသမားအနေနဲ့ စီးသူနည်းလို့ ကားခလျော့ပေမယ့် ခုလဝကလို ပရမ်းပတာတောင်းတာကျတော့ မသက်သာဘူး” ဟု ၎င်းက ပြောသည်။
ယင်းဂိတ်တွင် ငွေတောင်းသည့် လဝကမှာ ၂ ဦးဖြစ်ပြီး ဝတ်စုံ၌ အမည်ရင်ထိုး မတပ်ထားသဖြင့် အမည်မသိရကြောင်း၊ အများအားဖြင့် အပေါ်အင်္ကျီယူနီဖောင်းမဝတ်ဘဲ တွေ့ရကြောင်း ကားသမားနှင့် ခရီးသည်များက မဲခေါင်သို့ပြောသည်။
လားရှိူး ရပ်ကွက်ကြီး ၂ နေသူ ဗမာ၊ ကိုးကန့်ကပြား အမျိုးသမီးတစ်ဦးထံကလည်း စက်တင်ဘာ ၁၄ ရက်က တောင်ကြီးသို့ နာရေးကိစ္စဖြင့်လာရာတွင် ယင်းလဝကများက ရစ်တောင်းတောင်းသဖြင့် တစ်ဦး တစ်သိန်းတောင်းသည်ကို စျေးဆစ်ပြီးပေးလာခဲ့ရကြောင်း သိရသည်။
“မှတ်ပုံတင်မပါရင် ၅ သောင်း။ ပါလို့ ၁၈ နှစ်ပြည့် မလဲထားရင် ၅၀၀၀၊ ၁ သောင်း တောင်းတာ။ ၁၈ နှစ်ပြည့်လဲထားရင်လည်း Smart Card မလုပ်ထားလို့ဆိုပြီး မရရအောင် ငွေညှစ်ကာ သူတို့တောင်းသလိုပေးမှ ပေးဖြတ်တယ်။ မိသားစု ၄ ယောက်ကို တစ်သိန်းပေးခဲ့ရတယ်” ဟု ၎င်းကပြောသည်။
လတ်တလောတွင် လားရှိူးသို့ မိုးမရွာပါက အဆင်းအတင်မတ်စောက်ပြီး လမ်းကြမ်းသည့် သာစည်-ပန်ဝိုး-ကျွဲကုန်း အထက်ရဲရွာလမ်းမှ လားရှိူးသို့ ကားခ လူတစ်ဦးလျင် ကျပ် ၂ သိန်းခွဲဖြင့် နေ့ချင်းရောက် မောင်းနှင်နိုင်သော်လည်း ရာသီဥတုဆိုးပါက ယခု လဝကများထိုင်သည့် မိုင်းနောင်-ကျေးသီးလမ်းခွဲမှ သွားရောက်ကြရသဖြင့် ခရီးသည်များ ခရီးစရိတ် ပိုမိုကုန်ကျနေကြရကြောင်း သိရသည်။
#MeKongNews
#လဝက
#မိုင်းနောင်
#ကျေးသီး
#ငွေကောက်ခံ








