မဲခေါင်၊ စက်တင်ဘာ ၁၈
UWSA ထိန်းချုပ်ဒေသမှာ ဖမ်းဆီးရမိထားသည့် တရုတ်ငွေလိမ်ဂိုဏ်း ကျားဖြန့် တရုတ်နိုင်ငံသား ၈၅ ဦးကို စက်တင်ဘာ ၁၅ ရက်၌ တရုတ်နယ်စပ်မှတဆင့် ယူနန်အစိုးရကို လွှဲပြောင်းလိုက်ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
UWSA ထိမ်းချုပ်ဒေသအတွင်း တရုတ်ကျားဖြန့် အွန်လိုင်း ငွေလိမ်နှင့် လူကုန်ကူးဂိုဏ်းများတွင် ပါဝင်ပတ်သက်လုပ်ကိုင်နေသည့် ဖမ်းဆီးရမိ တရားခံ ၁၀၀ ဦးအနက် တရုတ်နိုင်ငံသား ၈၅ ဦးကို တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် မန်ခါးမှတဆင့် ယူနန်အစိုးရကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
UWSA တပ်ဖွဲ့၏အဆိုအရ ယင်း တရုတ်နိုင်ငံသား တရားခံများသည် “ဝ” ဒေသသို့ တရားမဝင် ဝင်ရောက်လာသူများသာဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီက ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကျားဖြန့်လုပ်ငန်း ၈ ကြိမ်တိတိ ဖမ်းဆီးခဲ့ပြီး လွှဲပြောင်းပေးခဲ့သည့် တရုတ်နိုင်ငံသား စုစုစုပေါင်း ၃၁၁ ဦးနှင့် မဲခေါင်မှ သတင်းရရှိမှု ၂ ကြိမ်အရ ၁၁၅ ဦးရှိခဲ့ရာ ယခု စက်တင်ဘာ ၁၅ ရက်နေ့အထိ စုစုပေါင်း ၄၂၆ ဦး ရှိခဲ့ပြီး ဖြစ်သည်။
အသေးစိတ်စာရင်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ ၁၉ ဦး၊ မတ်လ ၁၃ ရက်နေ့မှာ ၁၆ ဦး၊ ဧပြီလ ၉ ရက်နေ့မှာ ၄၈ ဦး၊ ဧပြီ ၂၅ ရက်နေ့မှာ ၇၂ ဦး၊ ဇွန်လ ၅ ရက်နေ့မှာ ၆ ဦး၊ ဇူလိုင် ၁ ရက်နေ့မှာ ၆၆ ဦး၊ ဇူလိုင် ၁၂ ရက်နေ့မှာ ၅၀ ဦးနဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ၅၈ ဦးတို့ဖြစ်ကြကာ စုစုပေါင်း ၃၁၁ ဦးရှိပြီး သြဂုတ်လ ၃၀ ရက်တွင် ၃၀ ဦးနှင့် ယခု စက်တင်ဘာ ၁၅ ရက်တွင် ၈၅ ဦးတို့ ဖြစ်သည်။
၎င်းတို့ကို “ဝ” တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် လင်ချန်း ယုံးဟော်ဂိတ်၊ မုံးလျန်း၊ မုံးအား (ပန်ဆန်း) ဂိတ်နှင့် လင်ချန်း မန်ခါးဂိတ် အစရှိသည့် ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#UWSA
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#နယ်စပ်ဂိတ်








