ဆောင်းပါး

အကျင့်ပျက် နီပေါအစိုးရအဖွဲ့ကို ဖြုတ်ချပစ်လိုက်တဲ့ နီပေါနိုင်ငံက ဂျန်န်ဇီ(Gen-Z)များရဲ့ လူထုအုံကြွဆန္ဒပြပွဲ

မဲခေါင် 16 Sep - 2025
~ CWM ~ ပြီးခဲ့တဲ့အပတ်က နီပေါမှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို ဂျီဇက် ဆန္ဒပြပွဲလို့လည်း ခေါ်ကြတယ်။ (Gen Z protest)။ ဒီဆန္ဒပြပွဲကို အဓိက ဦးဆောင်သူတွေက အသက် ၂၀ ကျော်အရွယ် လူငယ်တွေ။ ၁၉၉၇ ခုနှစ်ဝန်းကျင်က မွေးဖွားလာတဲ့ လူငယ်အများစုဖြစ်တယ်။ ဒီဆန္ဒပြပွဲမတိုင်မီ Gen Z လှုပ်ရှားမှုလေးတွေ ဖြစ်နေတာတော့ အတော်ကြာပြီ။ အထူးသဖြင့်တော့ အင်တာနက် အွန်လိုင်းပေါ်မှာ။ အခြားသော နိုင်ငံများက လူငယ်တွေလိုပဲ နီပေါ GenZ တွေလည်း Tiktok, Instergram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာ အသုံးများကြတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံရဲ့

~ CWM ~

ပြီးခဲ့တဲ့အပတ်က နီပေါမှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို ဂျီဇက် ဆန္ဒပြပွဲလို့လည်း ခေါ်ကြတယ်။ (Gen Z protest)။ ဒီဆန္ဒပြပွဲကို အဓိက ဦးဆောင်သူတွေက အသက် ၂၀ ကျော်အရွယ် လူငယ်တွေ။ ၁၉၉၇ ခုနှစ်ဝန်းကျင်က မွေးဖွားလာတဲ့ လူငယ်အများစုဖြစ်တယ်။ ဒီဆန္ဒပြပွဲမတိုင်မီ Gen Z လှုပ်ရှားမှုလေးတွေ ဖြစ်နေတာတော့ အတော်ကြာပြီ။

အထူးသဖြင့်တော့ အင်တာနက် အွန်လိုင်းပေါ်မှာ။ အခြားသော နိုင်ငံများက လူငယ်တွေလိုပဲ နီပေါ GenZ တွေလည်း Tiktok, Instergram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာ အသုံးများကြတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံရဲ့ ၇၃% က မိုဘိုင်းဖုန်း သုံးစွဲကြပြီး ၅၅% က အင်တာနက်နဲ့ အွန်လိုင်း အသုံးပြုကြတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာအသုံးများကြပြီး ဆိုရှယ်မီဒီယာတွေက ဖျော်ဖြေရေးလည်းဖြစ်၊ နေ့စဉ်နောက်ဆုံးသတင်းတွေနဲ့ စီးပွားရေးလုပ်ငန်းအတွက်လည်း မရှိမဖြစ် အသုံးပြုနေကြတယ်။ ဒါက နီပေါတနိုင်ငံတည်း မဟုတ်ပါဘူး။ ဒီနေ့ ကမ္ဘာကြီးရဲ့ trend လည်း ဖြစ်တယ်။ နီပေါလိုနိုင်ငံမျိုးမှာလည်း သတင်းဖတ်သူတွေက ဘက်လိုက်မှုရှိတဲ့ အစိုးရသတင်းတွေကို မယုံကြဘူး။ ဒါကြောင့် Facebook, Instagram, Tiktok, WhatApp တို့လို လူမှုကွန်ယက်ပေါ်က သတင်းတွေကို အဓိကထား ဖတ်ရှုကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တချို့သောအကြောင်းအရာတွေဟာ လူကြည့်များပြီး trend ဖြစ်နေတတ်တယ်။

နီပေါ ဆိုရှယ်မီယာအသုံးပြုတဲ့ လူငယ်တွေကြားမှာ trend ဖြစ်နေတဲ့ အကြောင်းအရာတခုက နီပေါ elites အသိုင်းအဝန်းက လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အကောင်းစားဇိမ်ခံပစ္စည်းတွေ၊ အကောင်းဆုံးအပန်းဖြေစခန်း သွားကြတာတွေ၊ သုံးဖြုန်းမှုတွေ ဖြစ်တယ်။ မိဘချမ်းသာလို့ ဒီလို သုံးဖြုန်းနိုင်တဲ့ လူငယ်တွေကို Nepo Kid, Nepo Baby လို့လည်း ခေါ်တယ်။ မိဘတွေရဲ့ ရာထူးစည်းစိမ်နဲ့ ဘော်ကြော့ဖြစ်နေတဲ့ လူငယ်လူတန်းစားတရပ် နီပေါမှာ ရှိနေတယ်။ မိဘတွေက ဝန်ကြီး၊ လွှတ်တော်အမတ်၊ အစိုးရအရာရှိ၊ နိုင်ငံရေးသမားတွေဖြစ်ပြီး အကျင့်ပျက်ခြစားမှုနဲ့ ကြွယ်ဝချမ်းသာချင်တိုင်း ချမ်းသာနေကြသူတွေဖြစ်တယ်။

ဒီအချိန်မှာ နီပေါလူငယ်အများစုဟာ အလုပ်လက်မဲ့ဖြစ်နေတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပြည်ပရောက် နိုင်ငံသားတွေက ပေးပို့တဲ့ ဝင်ငွေပဲရှိတယ်။ နီပေါနိုင်ငံရဲ့ လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၁၄၄၇ ပဲ ရှိတယ်။ နိုင်ငံလူဦးရေရဲ့ ၄၀ % ဟာ လူငယ်တွေဖြစ်ပြီး လူငယ်တွေရဲ့ ၂၀ % ဟာ အလုပ်လက်မဲ့ဖြစ်နေကြတယ်။ နီပေါလူငယ်အများစုဟာ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုးရီးယား၊ ဂျပန် အစရှိတဲ့နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြရတယ်။

မျှော်လင့်ချက်မဲ့၊ အလုပ်လက်မဲ့ နီပေါ (Gen Z) လူငယ်အများစုကြားမှာ ရေပေါ်ဆီ နီပေါလူငယ်(Nepo kid) တွေဟာ မျက်စိ စပါးမွှေးစူးစရာ ဖြစ်နေတယ်။ အာဏာရ နီပေါအစိုးရမှာ ကွန်မြူနစ်ပါတီဝင်တွေ အများစုဖြစ်ပေမယ့် အကျင့်ပျက်ခြစားမှုတွေ ကြီးထွားနေတယ်။ နီပေါအစိုးရအဖွဲ့ဝင် သားသမီးတွေရဲ့ ဇိမ်ခံသုံးဖြုန်းမှုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်စရာဖြစ်လာတယ်။ နီပေါ ဂျီဇက်တွေဟာ အကျင့်ပျက်ခြစားပြီး အခွင့်ထူးခံနေတဲ့ အစိုးရအဖွဲ့ဝင်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်လာကြတယ်။

ဒီလိုအခြေအနေတွေကြောင့် နီပေါအစိုးရဟာ စက်တင်ဘာ(၃)ရက်နေ့မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း(၂၆)ခုကို အချိန်မီ မှတ်ပုံမတင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်ပစ်လိုက်တယ်။ ဒီနေ့လို အချိန်ကာလမှာ ဆိုရှယ်မီဒီယာတွေဟာ စီးပွားရေး၊ လူမှုရေးနဲ့ သတင်းအချက်အလက်အတွက် မရှိမဖြစ် အခြေအနေမှာ ရှိတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်ပစ်လိုက်ခြင်းဟာ အသုံးပြုမှု အများဆုံး နီပေါ Gen Z တွေကို စိန်ခေါ်လိုက်သလို ဖြစ်သွားတယ်။

စက်တင်ဘာ(၈)ရက်မှာ အစိုးရရဲ့ ဆိုရှယ်မီဒီယာပိတ်ပင်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့ နီပေါ Gen Z လူငယ်တွေ လမ်းပေါ်ထွက်လာကြတယ်။ ပထမဆုံး ဆန္ဒပြတဲ့ လူငယ်တွေနဲ့ လုံခြုံံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ကြပြီး လူငယ်(၁၉)ယောက် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်။ ခတ္တမန္ဒူမြို့ပေါ်က ဂျီဇက် လူငယ်တွေရဲ့ ဆန္ဒပြပွဲဟာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တွေ သေဆုံးခဲ့ရပြီးနောက်မှာ ပိုမိုကြီးထွားလာခဲ့တယ်။ ဒေါသမထိန်းနိုင်တော့တဲ့ လူငယ်တွေနဲ့အတူ နီပေါပြည်သူတချို့ပါ လမ်းမပေါ်ထွက်လာပြီး အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို ပူးပေါင်းဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။

စက်တင်ဘာ(၉)ရက်မှာ ဆန္ဒပြသူတွေဟာ နီပေါ ပါလီမန်အဆောက်အဦးကို ဝင်ရောက် မီးရှို့ခဲ့ကြသလို ဝန်ကြီးချုပ်ရုံးနဲ့ ဗဟိုတရားရုံးအဆောက်အဦးတွေကိုပါ မီးရှို့ခဲ့ကြတယ်။ နီပေါဆန္ဒပြသူတွေဟာ အစိုးရအဖွဲ့ရုံးတွေ၊ အစိုးရအရာရှိကြီးများရဲ့ နေအိမ်တွေကိုပါ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ အဲဒီနေ့မှာပဲ နီပေါဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရာထူးက နှုတ်ထွက်သွားခဲ့တယ်။ နီပေါအစိုးရအဖွဲ့ဝင်တွေကို ဆန္ဒပြလူအုပ်ကြီးက ဝိုင်းပတ်ပိတ်ဆို့ပြီး ပိုင်ဆိုင်မှုတွေကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ နီပေါဝန်ကြီးချုပ်ဟောင်းရဲ့ နေအိမ်ကို မီးရှို့စဉ်မှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်။

စက်တင်ဘာ(၉)ရက်နေ့ နီပေါနိုင်ငံက လူထုအုံကြွဆန္ဒပြမှုဟာ နီပေါနိုင်ငံသမိုင်းမှာ အကြီးမားဆုံးဖြစ်ခဲ့ပြီး အဲဒီနေ့အထိ လူပေါင်း(၃၄)ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ ဆန္ဒပြသူတွေဟာ အကျင့်ပျက်ခြစားပြီး အခွင့်ထူးခံအစိုးရအရာရှိတွေရဲ့ နေအိမ်တွေ၊ မော်တော်ကားတွေကို မီးရှို့ဖျက်ဆီးပြီး ဝန်ကြီးတချို့ကို လက်ရဖမ်းဆီးမိတာကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့ရတယ်။

ဆန္ဒပြလူအုပ်ရဲ့ အန္တရာယ်ကို ရှောင်ကွင်းဖို့ ချောင်းရေထဲ ထွက်ပြေးကြရသူတွေ ရှိသလို မီးလောင်နေတဲ့ အစိုးရအဖွဲ့အဆောက်အဦး ခေါင်မိုးပေါ်မှာ စစ်တပ်ပိုင် ရဟတ်ယာဉ်က ချပေးတဲ့ကြိုးကို တန်းလန်းဆွဲပြီး ကသောကမျော ထွက်ပြေးကြရသူတွေကိုလည်း တွေ့ရတယ်။ နီပေါ လူထုအုံကြွမှုဟာ ခတ္တမန္ဒူမြို့သာမက ပိုခရာ အစရှိတဲ့ မြို့ကြီးတွေအထိ တနိုင်ငံလုံး ပျံ့နှံ့သွားတယ်။ နီပေါတနိုင်ငံလုံး ကမ္ဘာပျက်သလို ဆန္ဒပြသူတွေ လွှမ်းမိုးသွားတယ်။

နီပေါဆန္ဒပြသူတွေဟာ အစိုးရ လွှတ်တော်အဆောက်အဦးကိုသာမက ကြယ်ငါးပွင့်ဟိုတယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဗုဒ္ဓနတ်သ်စေတီအနီးက Hyatt Regency ဟိုတယ် မီးလောင်သွားသလို ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုတဲ့ အဆင့်မြင့် The Hilton ဟိုတယ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ခတ္တမန္ဒူ ဟီလ်တန်ဟိုတယ်ဟာ မနှစ်တုန်းကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ အသစ်စက်စက်ဟိုတယ်ဖြစ်ပြီး ရှာဟီးလ်လအဂ္ဂရာဝယ်ဆိုသူ နီပေါသံမဏီလုပ်ငန်းရှင်သူဌေးတဦးက ပိုင်ဆိုင်တယ်။

ဂျီဇက်လူငယ်တွေကတော့ ခုလို မီးရှို့ဖျက်ဆီးမှုတွေကို သူတို့လုပ်တာမဟုတ်ကြောင်းနဲ့ အဖျက်သမားတွေက ဝင်ရောက်လာပြီး လုပ်ဆောင်တာဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

နီပေါမှာ ခုလို လူထုအုံကြွဆန္ဒပြမှုမျိုး ၁၉၉၀ က တကြိမ်(Jana Andolan 1) ၂၀၀၆ ခုနှစ်က တကြိမ်( Jan Andolan 2) ဖြစ်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံး အဓိကနိုင်ငံရေးအပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုခဲ့ကြတယ်။

ခုတကြိမ်ကတော့ ၂၀၀၈ ခုနှစ် နီပေါဘုရင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နဲ့ အုပ်ချုပ်လာပြီးနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်တယ်။ နီပေါနိုင်ငံမှာ ကွန်မြူနစ်တော်လှန်ရေးပြီးဆုံးပြီး ၂၀၀၈ ကစလို့ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ဖို့ ကြိုးစားခဲ့ရာမှာ၂၀၁၅ ခုနှစ်ကျမှ အကောင်အထည်ပေါ်လာခဲ့တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာပေမယ့် နိုင်ငံရေးတည်ငြိမ်မှု မရှိသေးဘဲ ၁၅ နှစ်အတွင်း အစိုးရ(၁၄)ကြိမ် အပြောင်းအလဲဖြစ်ခဲ့တယ်။

နီပေါလူငယ်တွေဟာ ခုလို နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအဆင်မပြေမှုကြားမှာ ကြီးပြင်းလာခဲ့ရသူတွေဖြစ်တယ်။

စက်တင်ဘာလ(၉)ရက်မှာ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ နှုတ်ထွက်ပြီးနောက်မှာတော့ နီပေါစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာရှော့ ရက်ဂျ် ဆစ်ဒယ်က ကာဖျူးအမိန့်ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကစလို့ ခတ္တမန္ဒူလမ်းမများပေါ်မှာ ပြန်လည်ငြိမ်သက်သွားခဲ့တယ်။

စက်တင်ဘာလ(၁၂)ရက်နေ့မှာတော့ ဆန္ဒပြဂျီဇက်ခေါင်းဆောင်တွေနဲ့ နီပေါသမ္မတ ချန်ဒရာပူဒယ်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာရှော့ ဆစ်ဒယ် တို့ နာရီအချိန်အတော်ကြာကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတဲ့နောက် နီပေါအမျိုးသမီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီ ကို ယာယီဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ သဘောတူလိုက်ကြတယ်။

ခုတော့ နီပေါနိုင်ငံမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီး တနိုင်ငံလုံး ပြန်လည်ငြိမ်သက်သွားပြီလို့ ဆိုရမယ်။ နီပေါ စစ်တပ်ဟာ ဆန္ဒပြ ဂျီဇက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အစိုးရသစ်ဖွဲ့စည်းဖို့ သဘောတူလိုက်တာဖြစ်တယ်။

နီပေါဂျီဇက် (Gen-Z)တွေရဲ့ ဒီမိုကရေစီလူထုအုံကြွဆန္ဒပြမှု အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။

ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ ခုလို လူထုအုံကြွဆန္ဒပြမှုမျိုး ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့သလို နီပေါမှာလည်း အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့တယ်။

Nepotism ဆိုတာ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ (တနည်းအားဖြင့်) ရာထူးအာဏာအသုံးချပြီး မိမိ မိသားစုနဲ့ ခင်မင်ရင်းနှီးသူများကို အလုပ်အကိုင်၊ ရာထူးအခွင့်အလမ်းပေးကမ်းခြင်း ဖြစ်ပြီး Nepo Kid ကတော့ ထင်ပေါ်ကျော်ကြား၊ ချမ်းသာကြွယ်ဝသူ မိသားစုများက မွေးဖွားဆင်းသက်လာတဲ့ သားသမီးများကို ခေါ်ဆိုတာ ဖြစ်တယ်။

အကျင့်ပျက်နိုင်ငံရေးသမားများကြောင့် နီပေါနိုင်ငံဟာ ဆင်းရဲ ချမ်းသာ ကွာခြားမှုကြီးမားတဲ့ နိုင်ငံတခုဖြစ်ပြီး ဂျီဇက်(Gen Z) လူငယ်များရဲ့ ဆန္ဒပြပွဲဟာ အခွင့်ထူးခံလူတန်းစားများနဲ့ ဆင်းရဲသူများအကြား ထိပ်တိုက်တွေ့ဆုံမှုတခုလည်း ဖြစ်တယ်..။

CWM.

ref: Nepal ex-chief justice Sushila Karki named as next PM. From Parliament to luxury hotels, Nepal’sprotest movement targeted the elite. Deadly Nepal protests reflect wider pattern of Gen Z political activism across Asia. CNA.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now