မဲခေါင်၊ စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ကပ်ဘေးမှ လူသားများလွတ်မြောက်ရာနည်းလမ်းအဖြစ် တစ်ခါသုံးမက်စ်များ အသုံးပြုခဲ့မှု သည် ယခုလူသားကမ္ဘာကို ခြိမ်းခြောက်နေသော သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ချိန်ကိုက်ဗုံးအသွင် အန္တရာယ်ဖြစ်နေစေသည်ဟု ယူကေ သိပ္ပံပညာရှင်များက လေ့လာသတိပေးခဲ့သည်။
ကိုဗစ်-၁၉ ကပ်ဘေး ကူးစက်မှုနှုန်းမြင့်မားစဉ်ကာလများအတွင်း ကမ္ဘာလုံးဆိုင်ရာ တစ်လ တစ်ခါသုံး မက်စ်များ အသုံးပြုမှုသည် ၁၂၉ ဘီလီယံအထိရှိခဲ့ရာ ယနေ့အထိ စွန့်ပစ်မှုစီမံခန့်ခွဲရေးဆိုင်ရာ အားနည်းချက်များကြောင့် ကမ္ဘာ့မြေဆီလွှာမှတစ်ဆင့် မြေအောက်ရေရင်းမြစ်များဆီ ဓာတုအဆိပ်များ အသွင်ပြောင်း ပျော်ဝင်မှု၊ ရေစီးကြောင်းများမှ ပင်လယ်သမုဒ္ဒရာများဆီ များစွာသော ဓာတုပလတ်စတစ်အမှုန်အမွှားများစွာ ပျော်ဝင်မှုမှ သဘာ၀ပတ်ဝန်းကျင်၊ မျိုးရိုးဇီ၀မျိုးခွဲများ၊ လူသားကျန်းမာရေးများကို တိုက်ခိုက်ဖျက်စီးနေမှုသည် ချိန်ကိုက်ဗုံးအသွင်ဆောင်နေပြီဟု ယူကေရှိ ကိုဗင်ထရီတက္ကသိုလ်မှ သိပ္ပံပညာရှင်များ ဦးဆောင်သော လေ့လာမှုစစ်တမ်းမှတစ်ဆင့် သတိပေး ထုတ်ပြန်သွားခဲ့သည်။
တစ်ခါသုံးမက်စ်များသည် အများအားဖြင့် ပလတ်စတစ်များ၊ ပိုလီမာပရိုပီလင်း၏ ဓာတုအစေးများဖြင့် ထုတ်လုပ်ခြင်းဖြစ်ရာ ပြန်လည်အသုံးချမရဘဲ လမ်း၊ ပန်းခြံ၊ ကမ်းခြေ၊ ရေစီးကြောင်း၊ ပင်လယ်များထဲ တွင် စွန့်ပစ်ခြင်းဖြင့် နောက်မျိုးဆက်များစွာအထိ ဒုက္ခပေးနိုင်သည့် အခြေအနေသို့ ရောက်နေခဲ့ပြီဟု အဆိုပါ သုတေသနပြုမှုက သတိပေးနိုင်ခဲ့သည်။
ကပ်ဘေးဆိုးနေသည့်ကာလအတွင်း အဆိုပါ တစ်ခါသုံး မက်စ်များကြောင့် မီသိုင်းအုပ်စုတွင်ပါဝင်သည့် ကာဗွန်အက်တမ်တစ်မျိုးဖြစ်သော bisphenol B သဘာ၀ပတ်ဝန်းကျင်အတွင်းသို့ ညစ်ညမ်းပျော်ဝင်မှုနှုန်းမှာ ၁၂၈ ကီလိုဂရမ်မှ ၂၁၄ ကီလိုဂရမ်အထိ ရှိခဲ့ကြောင်း၊ အသုံးမပြုရသေးသော တစ်ခါသုံးမက်စ်များအား အလွန်သန့်စင်သည့်ရေထည့်ထားသည့် ဖန်ခွက်အတွင်း ထည့်ကာ အခန်းတွင်း သာမန်အပူချိန်အတွင်း ၂၄ နာရီထားရှိသည်နှင့် သာမန်အဆင့်ထက် ၄ ဆမှ ၆ ဆအထိ ပိုသေးငယ်ကာ ကွဲထွက်စေသော ပလတ်စတစ် အမှုန်အမွှားများဖြစ်လာစေကြောင်း သိရသည်။
ပလတ်စတစ်အမှုန်အမွှား များသည် ရေမလှုပ်ပါဘဲနှင့် ဓာတုပစ္စည်းများပြန်လည်ထုတ်လွှင့်သလို ၁၀၀ မိုက်ခရိုမီတာအရွယ်ပင် မရှိသော အလွန့်အလွန်သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားလေးများအဖြစ် ပျံ့နှံ့သွားခြင်းက အလွန်အန္တရာယ်များသည့်အခြေအနေကို ညွှန်ပြနေသည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင် စာတမ်း ပူးတွဲရေးသားသူ အီဗန်ကော့တ်ချက်ဗ်က ပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Guardian
#MeKongNews
#ကိုဗစ်
#တခါသုံး
#နှာခေါင်းစည်း
#သဘာဝပတ်ဝန်းကျင်








