မဲခေါင်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့မှ ထုတ်လုပ်ထားသည့် “လုံးဆန်ဆာကြာပန်း” တံဆိပ် သွေးတိုးကျဆေး အပါအဝင် တိုင်းရင်းဆေးဝါး ၄ မျိုးသည် တိုင်းရင်းဆေးမှတ်ပုံတင်ထားခြင်းမရှိသည့် အာမခံချက်မပေးနိုင်၍ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဈေးကွက်အတွင်း ရောင်းချနေသော ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့မှ လုံးဆန်ဆာ ကြာပန်းတံဆိပ် သွေးတိုးကျဆေးနှင့် ရန်ကုန်မြို့မှ ရာဇာဂြိုလ် အမှတ်တံဆိပ် သွေးတိုးကျဆေးတို့သည် တိုင်းရင်းဆေးမှတ်ပုံတင်ထားသော်လည်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှု မရှိခြင်း၊ တိုင်းရင်းဆေးမှတ်ပုံတင် သတ်တမ်းကုန်ဆုံးနေခြင်းတို့ကြောင့် အများပြည်သူသုံးစွဲရန် မသင့်ဟု ထုတ်ပြန်ထားသည်။
မန္တလေးမြို့မှ လွှမ်းမိုးအောင် အမှတ်တံဆိပ် သွေးချို၊ ဆီးချိုကျဆေးကြီးနှင့် အမျိုးအမည်မသိ သကြားဓါတ်ထိန်း ရေနွေးကြမ်းတို့သည် တိုင်းရင်းဆေးမှတ်ပုံတင်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများနှင့် အားဖြည့်စာများ ပစ္စည်းပြတ်လပ်လာမှုတို့ကြောင့် ဈေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ဆေးဆိုင်များတွင် ရောင်းချနေရသည့် တိုင်းရင်းဆေးဝါးများကို အားထားသုံးစွဲလာနေကြရပြီး ဆေးဝါးအစွမ်းထက်မှုကို အာမခံပေးနိုင်ခြင်း ရှိ၊ မရှိ မသိရကြောင်း ရှမ်းပြည်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုက ပြည်ပထုတ်ဆေးတွေက ဈေးကြီးလာနေပြီလေ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကမှု တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းများနှင့် တိုင်းရင်းဆေးရောင်းချသည့် ဆိုင်များအနေနှင့် တိုင်းရင်းဆေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံနှုန်း မမှီသည့် ဆေးဝါများ၊ အများပြည်သူ သုံးစွဲရန် မသင့်ဟု ကြေညာထားသည့် ဆေးဝါးများကို ရောင်းချခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
#MeKongNews
#တိုင်းရင်းဆေးဝါး
#ရှမ်းပြည်တောင်ပိုင်း
#မိုင်းကိုင်မြို့
#အများပြည်သူသုံးရန်မသင့်








