မဲခေါင်၊ စက်တင်ဘာ ၁၀
စက်တင်ဘာ ၉ ရက်က အစ္စရေးသည် ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာ မြောက်ဘက်ဝါဒီရဝမ်လမ်းရှိ အဆောက်အအုံတစ်လုံးတည်းအား ပစ်မှတ်ထားပြီး ဖိုက်တာဂျက်လေယာဉ် ၁၀ စီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ ၆ ဦးသေဆုံးခဲ့ရမှုတွင် ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ်တို့ အတူပူးပေါင်း သဘောတူ တိုက်ခိုက်မှုဖြစ်ကြောင်း ဟားမက်စ်ဘက်က စွပ်စွဲခဲ့သည်။
ကာတာသည် အမေရိကန်၏ အနီးကပ်မဟာမိတ်ဖြစ်သော်လည်း ဟားမက်စ်ထိပ်တန်းခေါင်းဆောင် များ တူရကီမှ ဒိုဟာသို့ရောက်လာကြပြီး ထိုအဆောက်အအုံတွင်နေထိုင်ကြသည်ကို အစ္စရေး ထောက်လှမ်းရေးက အခိုင်အမာသတင်းရရှိသဖြင့် ပစ်မှတ်တစ်ခုတည်းကိုသာ တိုက်ခိုက် သုတ်သင် ခြင်းဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံတည်ရှိရေးအတွက် လုပ်ရသည့် ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် အလုံးစုံ တာဝန်ခံသည်ဟု နက်တန်ယာဟုက ထုတ်ပြန်သွားခဲ့သည်။
ဟားမက်စ်ဘက်က သေဆုံးသူသည် ဂါဇာရှိဟားမက်စ်ခေါင်းဆောင် ဒါရိုက်တာခါဘီအယ်လ်ဟေယာနှင့်သားဖြစ်သူသာဖြစ်ကာ ကျန်သည့် အရေးအပါဆုံး ခေါင်းဆောင်များ သေဆုံးမှုမရှိဟု ထုတ်ပြန်ကာ အမေရိကန်သည် ယင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲထုတ်ပြန်ခဲ့သည်။
အစ္စရေးထောက်လှမ်းရေးဘက်ကမူ ဟားမက်စ်ထိပ်ပိုင်း အကြမ်းဖက်ခေါင်းဆောင်များဖြစ်သော ပေါ်လစ်ဗျူရို ပူးတွဲ ဥက္ကဌများဖြစ်သည့် ခါလက်မာရှယ်နှင့် ခါလီအယ်လ်ဟေယာတို့ကို ပစ်မှတ်ထားရှင်းလင်းခဲ့ရာ ဟားမက်စ်ခေါင်းဆောင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရှိရကြောင်း ထုတ်ပြန်ခဲ့သည်။
အစ္စရေး စစ်ဘက်အရာရှိ ၂ ဦးက Channel 12 သို့ ပြောဆိုရာတွင် ထိုတိုက်ခိုက်မှုကို နက်တန်ယာဟု သည် ထရမ့်နှင့်တိုင်ပင်ဆွေးနွေးပြီးနောက် မီးစိမ်းပြခံရသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းပြော သွားခဲ့ပြီး အမေရိကန်အစိုးရ အရာရှိ ၂ ဦးကမူ ထရမ့်အား နက်တန်ယာဟု တိုင်ပင် အသိပေးသည်မှာ မှန်သော်လည်း အမေရိကန်သည် ထိုတိုက်ခိုက်မှုတွင် တိုက်ရိုက်မပါဝင်လိုခြင်းကြောင့် ထောက်ခံမှု များများ မပေးခဲ့ဟု ဖြေရှင်းပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ်ကမူ ထိုတိုက်ခိုက်မှုအပြီး ကံအကြောင်းမလှစွာဖြင့် မိတ်ဆွေ ကာတာနိုင်ငံအား သတိပေး၊ အသိပေးရန် နောက်ကျသွားခဲ့ရခြင်းဖြစ်ကာ နက်တန်ယာဟု အမိန့်ဖြင့်သာ တိုက်ခိုက်ခြင်း ဖြစ်ပြီး မိမိ ဆုံးဖြတ်ချက်မပါဟု ရှင်းချက်ထုတ်ပြန်ခဲ့သည်။
ဟားမက်စ်နှင့် ကာတာ တာဝန်ရှိသူများ ကမူ ဒေါ်နယ်ထရမ့်သည် တိုက်ခိုက်မှု မဖြစ်ခင် ၂ ရက်အလိုက ဟားမက်စ်တို့အား နောက်ဆုံး သတိပေး ချက်အဖြစ် အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရာဇသံပေးမှုကြောင့် ဒိုဟာသို့ ဟားမက်စ်ခေါင်းဆောာင်များရောက်လာပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး အစည်းအဝေးလုပ်ခြင်း ဖြစ်ကာ ယခုတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည်ဟု ရှုတ်ချတုံ့ပြန်သွားခဲ့ သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ကာတာနိုင်ငံ
#ဒိုဟာမြို့
#အစ္စရေး
#ဟားမက်စ်
#ဒေါ်နယ်ထရမ့်








