မဲခေါင်၊ စက်တင်ဘာ ၉
သွင်းကုန်ပမာဏကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံ၏ ငွေကြေးများကို ပိတ်ဆို့ခံရမှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် လုပ်ဆောင်နေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ ပြုလုပ်သည့် မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းမှု မြင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲအတွင်း တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
တရုတ်သွင်းကုန်များ တားဆီးခံနေရခြင်း၊ သွင်းကုန်လိုင်စင်များ မရရှိခြင်းနှင့် ပတ်သက်၍ တရုတ်လုပ်ငန်းရှင်၏ မေးမြန်းမှုကို စစ်ကောင်စီခေါင်းဆောင်က ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ ငွေကြေးများ ပိတ်ဆို့ခံနေရမှုတို့ကြောင့် ဖြစ်ပြီး ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမည် ဆိုပါက ပိုလျှင်မြန်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ရေကြောင်းကုန်သွယ်ရေးတွင် ကျပ်နှင့် ယွမ် တိုက်ရိုက်ပေးခြေနိုင်ရန် လုပ်ဆောင်နေကြောင်း၊ တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံရာတွင်လည်း ယွမ်ငွေဖြင့် တိုက်ရိုက်ရင်းနှီးမြုပ်နှံနိုင်ရန် စီစဉ်နေကြောင်း စစ်ခေါင်းဆောင်ကပြောသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် နယ်စပ်တလျှောက်တွင် နယ်စပ်ဂိတ် ၈ ခု အထိ ရှိနေသော်လည်း မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးဂိတ်သာ ဖွင့်လှစ်ထားနိုင်ပြီး ကျန်ဂိတ်များမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် ရပ်တန့်နေရပြီး ၂ နိုင်ငံ အကျိုးစီးပွားရှိစေသည့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေသဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံဖြစ်ပြီး ၂ နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာလည်း ၂၀၂၃-၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်၊ ၂၀၂၄-၂၅ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံကျော် နှင့် ၂၀၂၅-၂၆ ခုနှစ်တွင် ဇူလိုင်လအထိ ဒေါ်လာ ၃ ဘီလီယံကျော် ရှိနေသည်ဟု သိရသည်။
လက်ရှိကာလတွင် တရုတ်နိုင်ငံမှ ကုန်စည်များကို မြန်မာနိုင်ငံသို့ တင်သွင်းလာရာတွင် သွင်းကုန်လိုင်စင် မချပေးသဖြင့် တရားမဝင်ကုန်စည်ဟု သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုတို့ ရှိနေသည်။
ဖေသန်း
#MeKongNews
#တရုတ်နယ်စပ်ကုန်သွယ်ရေး
#မူဆယ်
#ရှမ်းမြောက်
#သွင်းကုန်ကန့်သတ်
#စစ်ကော်မရှင်








