မဲခေါင်၊ စက်တင်ဘာ ၈
ဆိုင်ကယ် ခိုးယူလုယက်ခံရမှုများ မကြာခဏ ဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင် စက်တင်ဘာလ ၅ရက်၌ ဆိုင်ကယ်ခိုးယူသူ ၂ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၅ရက် ညပိုင်းက လှည့်ကင်းအဖွဲ့သည် တာချီလိတ်မြို့ပတ်လမ်း၊ မယ်ခေါင်ရပ်ကွက်နေ အောင်အောင်ဦး မောင်းနှင်ပြီး မြို့ပတ်လမ်း၊ ချောင်းဘေး၊ မယ်ခေါင်ရပ်ကွက်နေ ဝေယံစိုး(ခ) အသေးလေး စီးနင်းလာသည် နံပါတ်မပါ Click အမျိုးအစား အနက်ရောင် ဆိုင်ကယ်တို့ကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ နေအိမ်အတွင်း ခိုးယူထားသည့် အခြားဆိုင်ကယ်Wave 125 I အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်တစ်စီး ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်မှာ ရဲတွေ တကယ်အလုပ်လုပ်ရင် ဆိုင်ကယ်သူခိုးတွေ မိပါတယ်။ အဓိက က သူခိုးလက်ခံလုပ်ပေးနေသူတွေကိုပါ အကုန်ဆွဲရမှာ” ဟု မကာဟိုခမ်းနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သို့သော် ၃ရက်အကြာ စက်တင်ဘာလ ၈ရက်တွင်မူ တာချီလိတ်မြို့၌ ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်မှု ဖြစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ၈ရက် နံနက်ပိုင်း ၉နာရီ အချိန်ခန့်က မိုင်းဖုန်း (ခ) အုပ်စု ဆွတ်ဆိုင်ကျေးရွာ၊ လွယ်ယွန်းခမ်း ဘုရားအောက်တွင် ဆိုင်ကယ် တက္ကစီမောင်းနှင်သူ မျိုးမင်းသန့် ဆိုသူအား အင်္ကျီ အဖြူ၊ ပုဆိုး အနီရောင် ဝတ်ထားသည့် အမည်မသိ သူတစ်ဦးမှ ဓားဖြင့်ထိုးကာ Honda Wave i 125 ဆိုင်ကယ်အဖြူရောင်အား လုယူသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက ရရှိသည်။
“ဟောင်လိတ်စခန်းကတော့ အားချင်းလိုက်နေတယ်။ ဝမ်ပုံကလည်းလိုက်နေတယ်။ အရင်တခါကတော့ ဓားနဲ့ ထိုးသတ်ပြီး အလောင်းဖျောက်ထားထားတာရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လုယူသွားသူသည် ဆိုင်ကယ်ကို ဝမ်ဆောက်ခုံ ရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပြီး ဓားဖြင့် ထိုးခံရသူ မျိုးမင်းသန့်သည် ဝဲလက် ဖဝါး ပြတ်ရှ၊ ယာလက်ဖနောင့် ပြတ်ရှဒဏ်ရာဖြင့် ရှေ့ဆောင်အထူးကုဆေးရုံ၌ ဆေးကုသလျက် ရှိကြောင်း သိရှိရသည်။
#MeKongNews
#ဆိုင်ကယ်သူခိုး
#ဆိုင်ကယ်လုယက်
#တာချီလိတ်
#ဝမ်ဆောက်ခုံရွာ








