မဲခေါင်၊ စက်တင်ဘာ ၈
မသင်္ကာမှုဖြင့် PNO ပြည်သူ့စစ်၏ ဖမ်းဆီးခြင်းခံရသူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှ မန်ကျည်းဆိပ်ရွာသားတစ်ဦး နောက်တစ်ရက်တွင် အလောင်းသာပြန်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်၊ ည ၁၁ နာရီခန့်၌ တောင်တိုကျေးရွာအုပ်စု မန်ကျည်းဆိပ်ရွာသား ကိုအောင်မျိုး၀င်းဆိုသူသည် ရွာမှဆိုင်ကယ်မောင်းနှင်၍ ထွက်လာစဥ် စစ်ကောင်စီလက်အောက် ခံ PNO/PNA တပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်းဆီး၍ ပိန္နဲကုန်းရွာအနောက်ဖက်တွင် ရိုက်နှက်စစ်ဆေးပြီး အိမ်သို့ဖုန်းဆက်ခိုင်းကာ ငွေကျပ် သိန်း ၁၀၀ တောင်းခံခဲ့ကြောင်း၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မိသားစုများက ပိန္နဲကုန်းရွာဖက်သို့ လိုက်သွားခဲ့ရာ ပိန္နဲကုန်းရွာအနောက်ဖက်တွင် PNO/PNA တပ်များ ရိုက်နှက်စစ်ဆေးသဖြင့် သေဆုံးနေသည့် ကိုအောင်မျိုးဝင်း၏ အလောင်းကိုသာ တွေ့ရှိခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“PNO တွေက အလောင်းကိုတောင် သိန်း ၆၀ နဲ့ ရွေးခိုင်းတယ်။ ဆိုင်ကယ်လည်း ပြန်မရဘူး။ တောင်ကြီး PNO ရုံးကို ဖုန်းခေါ်လည်း ပြန်မဖြေဘူး” ဟု ၎င်းက ပြောသည်။
သေဆုံးသူတွင် ကလေး ၃ ဦး ရှိပြီး အသက် ၄၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြည်သူအပေါ်အနိုင်ကျင့်နေသည့်အတွက် စစ်ကောင်စီနှင့် အပေါင်းအပါများကို တော်လှန်နေရခြင်းဖြစ်ကြောင်း အင်းလေး PDF – အမှတ် ၁၀၀၉ တပ်ရင်းမှ တပ်ရေး အင်းသွေးနီက မှတ်ချက်ပြုသည်။
“ခုလို လုပ်ချင်သလိုလုပ်၊ သတ်ချင်သလိုသတ်နေတဲ့ စစ်အုပ်ချုပ်ရေးကို လက်မခံဘူး။ ဒါကြောင့် ကျနော်တို့အင်းဒေသတွင်း နေထိုင်တဲ့ ပြည်သူတွေကိုယ်စား တော်လှန်နေတာပါ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
PNO/PNA တပ်ဖွဲ့များသည် ပအိုဝ်းလူမျိုးအချင်းချင်းကိုပင် မညှာမတာ သတ်ဖြတ်ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများကို မတရားလုယက်ယူငင်နေသဖြင့် ဒေသခံများ ထိတ်လန့်စွာနေထိုင်နေရကြောင်း သိရသည်။
မဟာ
#MeKongNews
#အင်းလေးဒေသ
#PNO
#ပြည်သူ့စစ်
#အနိုင်ကျင့်








