~ လင်းမောင် ~
တရုတ်သည် တိဗက်ရှိ ယာလန်းဆန်းပိုမြစ်ကိုပိတ်ဆို့ကာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ် ဆည်ကြီးတည်ဆောက်ရန်စီစဉ်နေမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အထူးစိုးရိမ်သောကရောက် စရာဖြစ်နေသည်။ ထိုဆည်ကြီးက မြစ်အောက်ပိုင်းဒေသနေထိုင်သူ သန်းပေါင်းများစွာ၏ အသက်မွေး ဝမ်းကြောင်းပြုမှုကို တိုက်ရိုက် ခြိမ်းခြောက်နေသည်။ မြစ်ရေစီးဆင်းမှုအဟန့်အတားဖြစ်ခဲ့လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်တည်စေတော့မည်ဖြစ်သည်။ ကမ္ဘာချီသော သဘာ၀ပတ်ဝန်းကျင်ဦးဆောင် ထိန်းသိမ်းသူဟု အသံကျယ်လောင်စွာ ထုတ်ပြန်လေ့ရှိသော်လည်း မြစ်အောက်ပိုင်းဒေသမှ ပြည်သူများ ထပ်ကာထပ်ကာ ပူပန်နေကြရစမြဲမှာ တရုတ်နှင့်ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထရှိသောအရာဖြစ်သည်။ ၎င်းတို့၏ ကမ္ဘာ့အကြီးဆုံးဆည်တည်ဆောက်မှု စီမံကိန်းသည် မြစ်အောက်ပိုင်းနိုင်ငံများကို ထိခိုက်သက်ရောက်မှု မရှိဟုပင် ထပ်ကာထပ်ကာ မျက်စိစုံမှိတ် ထုတ်ပြန် ပြောဆိုနေမြဲပင်။
ဘင်္ဂလားဒေ့ရှ်နေ့စဉ်ထုတ် Dhaka Tribune သတင်းစာ နောက်ဆုံးအယ်ဒီတာအာဘော်မှာ တရုတ်ဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ဇလဗေဒဆိုင်ရာ အချက်အလက်တွေတောင်းခံရှာဖွေခဲ့ပေမယ့် တရုတ်ဘက်က မည်မျှပြင်ဆင်ထားသည်ကို ရှင်းရှင်းလင်းလင်းပေးမသိကြောင်း၊ ဧရာမ ရေကာတာ စီမံကိန်းကြီး မြစ်ညှာထိပ်က ပြုလုပ်မှာဖြစ်ပေမယ့် မောက်မာတဲ့ တရုတ်အစိုးရဟာ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးဖို့အရေးတောင် ဂရုမစိုက်ကြောင်း၊ မည်သည့် ရှင်းပြမှုမှလည်း မရှိကြောင်း မီးမောင်းထိုး ဝေဖန်ထောက်ပြခဲ့သည်။
လွှတ်တော်အမတ်များ၊ သဘာ၀ပတ်ဝန်းကျင်ပညာရှင်များက တရုတ်တည်ဆောက်သမျှ ဆည်ကြီးများနှင့်ပတ်သက်ပြီး နောက်ကွယ်က ရည်မှန်းချက်မည်သို့ရှိသည်ကို မေးခွန်းများစွာ ထုတ်ခဲ့ကြသည်။ သို့သော် မည်သည့်အခါကမျှ တရုတ်ဘက်မှ ပြင်ဆင်မှုနှင့်ပတ်သက်ပြီး ရှင်းချက် ထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာ၀ ရာသီဥတုအခြေအနေကိုသာ အသုံးချခြင်းဟု တရုတ်အစိုးရဘက်မှ ပြောဆိုနေမှုများသည် အခြေအမြစ်မရှိသော ပြောဆိုမှုသာဖြစ်ကာ ရေးအားလျှပ်စစ်နှင့် ရေအရင်းအမြစ်များကို တစ်ဖက်သတ်နိုင်ငံဖြတ်ကျော် ရှာဖွေနေခြင်းသာဖြစ်သည်ဟု သဘာ၀ပတ်ဝန်းကျင်လေ့လာသူများက သုံးသပ်ဝေဖန်ကြသည်။ အင်ဂျင်နီယာစွမ်းရည်ပိုင်း၊ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်ရည်မှန်းချက်များကိုသာ အသုံးချလိုရင်းဖြစ်ပြီး ကုန်သွယ်ဖက်အသိုင်းအဝိုင်းများအပေါ် မည်သည့် ကောင်းကျိုးမှ မပေးသည့် ဆည်ကြီးများကိုသာ တရုတ်အစိုးရက တည်ဆောက်နေခြင်းဖြစ်သည်။
တရုတ်ဆည်များသည် မြစ်ရေစီးဆင်းခြင်းများအား အဟန့်အတားဖြစ်စေပြီး ဂေဟဗေဒပိုင်း မညီမျှမှု များဖြစ်လာမည်ကို သဘာ၀ပတ်ဝန်းကျင်သမားများက အထူးစိုးရိမ်ကြသည်။ ဆည်များသည် မြစ်ရေ ရှားပါးမှု၊ သဘာ၀ရင်းမြစ်ကြွယ်၀မှုအတားအဆီးများကိုသာ ဖြစ်စေသလို ဂေဟစနစ်များကို မညီမျှမှု များဖြစ်စေမြဲဖြစ်သည်။ မြစ်ကမ်းပါး တိုက်စားမှုများကိုလည်း ပိုမိုဖြစ်ပွားစေသည်။ မြစ်ကမ်းနားနေ ပြည်သူများ အသက်အန္တရာယ်စိုးရိမ်ရမှုနှင့် ထိစပ်နယ်မြေများမှ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေသည်။
လက်ရှိတွင် တရုတ်၏ယာလန်းဆန်းပိုမြစ်အား ပိတ်ဆို့ပြီး တိဗက်တွင် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ် စီမံကိန်းကြီးတည်ဆောက်မှုအား ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက စိတ်ပူပန်နေရပြီဖြစ်သည်။ တရုတ်ဘက်မှ ခိုင်လုံးတိကျသော စနစ်များကို မည်သို့မျှ မထုတ်ပြန်ဘဲ မြစ်ညှာပိုင်းတွင် ဆည်ပိတ်ဆောက်နေမှုက ဘင်္ဂလားဒေ့ရှ်ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေနိုင်သည်။ ဇန်နဝါရီလက ပြည်ပရေးရာ အကြံပေး တူဟစ်ဟော့ဆိန်းက တရုတ်ထံမှ ယာလန်းဆန်းပို မြစ်ပိတ်ဆို့ကာ ဆည်တည်ဆောက်နေမှု အသေးစိတ်အချက်အလက်များ သိစေချင်သည်ဟု တောင်းဆိုခဲ့သော်လည်း တရုတ်ဘက်က မည်သည့် တုံ့ပြန်မှုမှ မလုပ်ခဲ့ပေ။ လွန်ခဲ့သည့် ၆ လကတည်း က ဘင်္ဂလားဒေ့ရှ်ရေအရင်းအမြစ်ဝန်ကြီးဌာနက အဆိုပါ ယာလန်းဆန်းပို မြစ်ပိတ်ဆို့တည်ဆောက် မည့် ဆည်ကြီးနှင့်ပတ်သက်ကာ အဓိက သိရှိလိုရင်း အချက် ၄ ချက်အား တရုတ်အစိုးရထံ ပေးပို့ တောင်းခံခဲ့သည်။ ဆည်ကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အကဲဖြတ်ခြင်း၊ ဖြစ်နိုင်ချေများအား လေ့လာထားမှု၊ ရာသီဥတုသက်ရောက်မှု အကဲဖြတ်ခြင်း၊ ဘေးအန္တရာယ် သက်ရောက်မှု အကဲဖြတ်ခြင်းများ အခြေအနေကို သိရှိလိုသည်၊ သိစေအပ်သည်ဟု ပေးပို့တောင်းခံရာတွင် ယခုအထိ တရုတ်အစိုးရဘက်မှ မည်သည့် တုံ့ပြန်မှုမှ မလုပ်ခဲ့ပေ။
ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) အမြဲတမ်းကော်မတီအဖွဲ့ဝင် အေမာခေါ့စ်ရူမာမွတ်ချောဒါရီက ဆည်များတည်ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်းနိုင်ငံများအတွက် စိန်ခေါ်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုခဲ့သည်။ မြစ်ညှာပိုင်း အမြင့်ပိုင်းမှ နိုင်ငံများသည် ဆည်များပိတ်ကာ ရေအားလျှပ်စစ်စီမံကိန်းများထူထောင်ခြင်းကြောင့် ရေများစွာကို ပိတ်ဆို့ရယူခြင်းသည် နိုင်ငံတကာ ရေရင်းမြစ်မျှဝေသုံးစွဲခွင့် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဇီ၀မျိုးစုံမျိုးကွဲများကို ပျက်စီးစေခြင်း၊ စိုက်ပျိုးရေးစနစ်များကို ပျက်စီးစေခြင်း၊ မြစ်အောက်ပိုင်းတစ်လျှောက် နေထိုင်သူများ၏ စားဝတ်နေရေးဘ၀ရှင်သန်မှုများကို ထိခိုက်ပျက်ပြားစေခြင်းများ ဖြစ်ရသည်ဟု ချောဒါရီက ဆိုသည်။ လက်ရှိပင် တရုတ်ဆည်ကြောင့် ဘင်္ဂလာဒေ့ရှ်ရှိ ပြည်သူများစွာ စားဝတ်နေရေး၊ ဘ၀ရှင်သန်မှု၊ စိုက်ပျိုးရေး၊ ဇီ၀မျိုးစုံမျိုးကွဲများပျက်စီးခြင်းနှင့် ရင်ဆိုင်နေရပြီဖြစ်အား အားချင်းအဖြေရှာရန် လိုအပ် နေပြီဟုလည်း ချောဒါရီက သတိပေးပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် ပါမောက္ခ မိုဟာမက်ယူနွတ်ကိုယ်တိုင်သည်လည်း တစ်ချိန်က ရေထုညစ်ညမ်းမှုနှင့် လူများအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြစ်ကြောင်းဆိုင်ရာအဓိက အားကိုးရာ နိုင်ငံတစ်ခုဖြစ်သောကြောင့် တရုတ်က မြစ်ညှာပိုင်းတွင် ဆည်ပိတ်တည်ဆောက်မှုသည် သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်လူမျိုးများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ကို လျစ်လျူရှုခဲ့သည်ဟု ဝေဖန်ထုတ်ပြန်ခဲ့သေးသည်။ မြစ်ကြောင်းများ အဆိပ်သင့်မှုကြောင့် ငါးဖမ်းဆီးရမိမှုလျော့ကျခြင်းနှင့်အတူ အဆိုပါလုပ်ငန်းကို မှီခိုသူများ၊ ဝယ်ယူစားသုံးသူများအတွက် စျေးနှုန်းများမြင့်တက်ခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းတို့ကို ဖြစ်စေသည်။ လိုအပ်နေသည်က ရေအရင်းအမြစ်အာဏာပိုင်များ လျှင်မြန်စွာဖြင့် မြစ်ချောင်းများကို အကာအကွယ်ပေးနိုင်ရေး ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းများကို တိကျသောစည်းမျဉ်းစည်းကမ်းများထုတ်ပြန်ကာ သဘာ၀ပတ်ဝန်း ကျင်မထိခိုက်စေရေး၊ ပြည်သူ့ကာကွယ်ရေး၊ ရေရှည်ခံသော ငါးဖမ်းလုပ်ငန်းဖြစ်စေရေးတို့အတွက် လေ့လာမှုစစ်တမ်းများကောက်ခံကာ လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အသက်သွေးကြောဖြစ်သော မြစ်များထာ၀ရ ရှင်သန်နိုင်မှသာလျှင် နိုင်ငံအနာဂတ် လှပမည်ဖြစ်သည်။
ယာလန်းဆန်းပိုမြစ်ကြောင်းတစ်လျှောက် တရုတ်၏ မစစ်ဆေး၊ ဂရုမစိုက်သော ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဂေဟစနစ်များ မတည်မငြိမ်ဖြင့် ပျက်စီးကုန်ပြီဟု သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများက တရုတ်အပေါ် ဝေဖန်နေကြသည်။ စိုးရိမ် ထိတ်လန့်စရာများဖြစ်ပေါ်နေမှုကလည်း ယခင် လန်ကန်း-မဲခေါင်းမြစ်ဝှမ်းဒေသတစ်လျှောက်လုံး တရုတ် ဆည်များကြောင့် ပျက်စီးစေခဲ့သည့် သက်သေသာဓကများက ရှိပြီးသားဖြစ်သည်။ မဲခေါင် မြစ်တစ်လျှောက် ရေစီးဆင်းမှုသည် တရုတ်ဆည်များကြောင့် ၅၀ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားခဲ့ ပြီဖြစ်သည်။ ငါးဖမ်းမိမှု ဆိုးရွားစွာကျဆင်းသွားသည်။ ဇီ၀မျိုးကွဲစုံ တည်ရှိမှုစနစ်သည်လည်း ပျက်စီး သွားခဲ့ရပြီဖြစ်သည်။ ယာလန်းဆန်းပိုမြစ်ပိတ်ကာ တရုတ်ဆည်တည်ဆောက်နေမှုသည် မြစ်အောက်ပိုင်းဒေသမှ ဘင်္ဂလားဒေ့ရှ်ပြည်သူအားလုံးကို ပျမ်းမျှအားဖြင့် ထိခိုက်ပျက်စီးစေမည်ဖြစ် သည်။ အရှက်မဲ့သော တရုတ်အစိုးရက ၎င်းတို့ လုပ်ချင်ရာလုပ်နေခြင်းတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ဒီမိုကရေစီနည်းအရ တရားမဝင်သေးသော အစိုးရဖြစ်သောကြောင့် ပြည်ပဆက်ဆံ ရေးမူဝါဒအရ ဆက်သွယ်စရာမလိုသေးဟုပင် အပြစ်ပြန်ဖို့နေသည်။ တရုတ်က မိမိတို့နိုင်ငံ ပြည်တွင်း လိုအပ်ချက်၊ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ကြီးပွားရေး၊ အမျိုးသားလုံခြုံရေးများအတွက်သာ အကျိုး တရားကိုကြည့်ကာ ဘင်္ဂလားဒေ့ရှ်ကို အဆိုပါ ရေအားလျှပ်စစ်ထုတ်ဆည်ကြီးတည်ဆောက်မှု အကြောင်း တင်ပြရမည်ဆိုခြင်းက ရူးနေမှသာဖြစ်မည် ဟုလည်း တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအခြေအနေသည် လက်ရှိ နိုင်ငံရေးရွေးကောက်ပွဲများကို ရပ်ဆိုင်းထားသည်။ ဒါကာရှိလက်များ (ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ)ကို ကြိုးတုပ်ချည်နှောင်းထားမှုနှင့်အတူ ရေးအားလျှပ်စစ်ထုတ် ဆည်ကြီးလျှို့ဝှက်စွာတည်ဆောက်နေမှုကို တွန်းအားပေးလုပ်ဆောင်နေသည်။ ကုန်သည်ဖက်နိုင်ငံဖြစ်သော်လည်း လက်ရှိဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် တရုတ်မှ လုပ်ဆောင်နေသော ဆည်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာမဖြစ်စေရန် အခိုင်အမာတင်ပြေတောင်းဆိုမှု များလုပ်ဆောင်ရန် တာဝန်ရှိနေသည်။
#MeKongNews








