~ CWM ~
ရှီကျင့်ပင်က ပွဲနှစ်ပွဲကို တဆက်တည်း ကျင်းပသွားခဲ့သည်။ တပွဲက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးဖြစ်ပြီး တပွဲက ဖက်ဆစ်ဂျပန်အောင်ပွဲ နှစ်(၈၀)ပြည့် စစ်ရေးပြအခမ်းအနားဖြစ်သည်။ ဩဂုတ်လ(၃၀)မှ စက်တင်ဘာလ(၃)ရက်နေ့အထိ နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ခေါင်းဆောင်တွေ တီယန်ဂျင်း နှင့် ဘေဂျင်းမှာ စုဝေးခဲ့ကြသည်။ ဤအစုအဖွဲ့သည် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများကို ဆန့်ကျင်အန်တုနေသော အစုအဖွဲ့လည်းဖြစ်သည်။ အထူးသဖြင့် ကမ္ဘာကြီးကို တဖက်သတ် ဗိုလ်ကျလွှမ်းမိုး အနိုင်ယူနေသည်ဟု ဆိုသော အမေရိကန်ကို ဆန့်ကျင်နေသည့် အုပ်စုဖြစ်သည်။ အားလုံးတော့ မဆိုလိုပါ။ အမေရိကန်နှင့် မိတ်ဝတ်မပျက် အလိုက်အထိုက်ပေါင်းသင်းနေသောနိုင်ငံတွေလည်း ဤအုပ်စုမှာ ပါဝင်သည်။
သိသိသာသာ ထင်ထင်ရှားရှား ပြောလို့ရသည့် နိုင်ငံတွေတော့ ပါဝင်သည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား၊ အီရန်၊ ဘီလာရုစ် နှင့် ဆိုဗီယက်ဟောင်း အလယ်အာရှနိုင်ငံများဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် စသည့်နိုင်ငံတွေကတော့ အမေရိကန်နှင့် အနောက်နိုင်ငံတွေကို တည့်တည့်ကြီး ဆန့်ကျင်နေသော နိုင်ငံတွေမဟုတ်ကြ။ ရုရှား၊ တရုတ် နှင့် မြောက်ကိုးရီးယားတို့ကတော့ လက်တွေ့ ထိပ်တိုက်ရင်ဆိုင်နေသော နိုင်ငံတွေဖြစ်သည်။ ထို့ကြောင့်လည်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခြင်း နှစ်(၈၀)ပြည့် သို့မဟုတ် ဖက်ဆစ်ဂျပန်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို ရှီကျင့်ပင်၊ ပူတင် နှင့် ကင်မ်ဂျုံးအွန်တို့ သုံးဦးသားလက်တွဲပြီး ရှေ့ဆုံးက တက်ရောက်လာကြခြင်းဖြစ်သည်။
ကမ္ဘာကြီးသည် အာဏာရှင်ဟု ခေါ်တွင်သည့် ခေါင်းဆောင်သုံးဦးကို တနေရာတည်းတွင် တပြိုင်နက်တည်း မြင်တွေ့လိုက်ကြရသည်။ ရှီကျင့်ပင် ဦးဆောင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)အစည်းအဝေး နှင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်(၈၀)ပြည့် စစ်ရေးပြအခမ်းအနားက သီးခြားစီဖြစ်သလို တက်ရောက်သည့် ခေါင်းဆောင်တွေလည်း မတူညီကြပါ။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက (SCO) အစည်းအဝေးပြီးတော့ ပြန်သွားသလို မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံးအွန်က စစ်ရေးပြအခမ်းအနားကျမှ မီးရထားနှင့် ရောက်လာသည်။ ကင်ဂျုန်းအွန်က ( SCO) အစည်းအဝေးကို မတက်။ အစည်းအဝေးကျင်းပတော့မှ ရထားစီးပြီး ပြုံယမ်းက ထွက်လာသည်။ ကင်ဂျူန်းအွန်၏ အဖိုး ကင်အီဆွန်း၊ ဖခင် ကင်ဂျုန်အီလ် မှသည် ကင်ဂျုံးအွန်လက်ထက်အထိ နိုင်ငံတကာခရီး သွားခဲသလို သွားလျှင်လည်း ရထားဖြင့်သာ သွားသည်။ ၂၀၁၉ ခုနှစ်တုန်းကလည်း သမ္မတဒေါ်နယ်ထရမ့် နှင့် စင်ကာပူမှာ တွေ့ဆုံဖို့ ဗီယက်နမ်အထိ ခုလိုပဲ ရထားစီးလာခဲ့သည်။ ကင်ဂျုန်းအွန်၏ အစိမ်းရင့်ရောင် ကျည်ကာရထားသည် အင်္ဂါနေ့တွင် ဘေဂျင်းသို့ ဆိုက်ရောက်လာရာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဘူတာမှာလာကြိုသည်ကို တွေ့ရသည်။
တရုတ်စစ်ရေးပြအခမ်းအနားက အမေရိကန်ကို အန်တုပြသသည့် Showcase စစ်ရေးပြအခမ်းအနားကြီးဖြစ်သည်။ အခမ်းအနားမှာ တရုတ်၏ ခေတ်အမီဆုံး နှင့် အကြီးကျယ်ဆုံး စစ်လက်နက်ပစ္စည်းတွေကို ပြသသွားခဲ့သည်။ ယခုအခမ်းအနားမှာ ပျော်ပျော်ရွှင်ရွှင် တွေ့ရသူတဦးက ရုရှားသမ္မတ ပူတင်ဖြစ်သည်။ ပူတင် နှင့် ရှီကျင့်ပင်တို့က အဆုံးအစမဲ့ မဟာမိတ်တွေ ဖြစ်သည်။ တယောက်ကို တယောက် ကျောချင်းကပ်၊ ရင်ချင်းအပ်ထားကြသည်။ ပူတင်က ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်နှင့် အနောက်အုပ်စု၏ ဖယ်ကျဉ်ခံထားရသူ ဖြစ်သည်။ အရေးယူပိတ်ဆို့မှုကြောင့် အထီးကျန်ဖြစ်နေချိန်တွင် ရှီကျင့်ပင် ဦးဆောင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဂိုဏ်းတူမိတ်ဆွေများနှင့် တွေ့ဆုံရသည့်အတွက် ကျေနပ်စရာဖြစ်သည်။ တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ကင်ဂျုန်းအွန်လို စစ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဆုံခွင့်ရလိုက်သည်။ ဒုတိယကမ္ဘာစစ်တုန်းကတော့ လက်ယာစွန်းအမျိုးသားရေးဝါဒီအီတလီ၊ ဂျာမနီ နှင့် ဂျပန်တို့ကို Axis Power ဝင်ရိုးတန်းနိုင်ငံတွေဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယခု တရုတ်စစ်ရေးပြအခမ်းအနားမှာတော့ ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယားခေါင်းဆောင်တွေကို တနေရာတည်းမှာ တွေ့လိုက်ရသည်။
တရုတ်စစ်ရေးပြအခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုလည်း အခမ်းအနားနေ့ကျမှ ရောက်ရှိလာသည်။ ပရာဘိုဝိုက အင်ဒိုနီးရှားမှာ လူထုဆန္ဒပြပွဲတွေဖြစ်ပွားနေသဖြင့် SCO အစည်းအဝေးကျင်းပသည့်နေ့က ရောက်မလာဘဲ စစ်ရေးပြနေ့ကျမှ ရောက်လာခဲ့တာဖြစ်သည်။
ယခုပွဲများက ရှီကျင့်ပင်၏ လက်မောင်းကြွက်သားများ ညှစ်ပြလိုက်ခြင်းလည်းဖြစ်သည်။ သူ့ဘက်မှာ စီးပွားရေးအရ၊ နိုင်ငံရေး၊ စစ်ရေးအရ ဘယ်လောက်အင်အားတောင့်တင်းနေသည်ကို အမေရိကန် နှင့် အနောက်အုပ်စုကို ပြသလိုက်သလို နိုင်ငံစုံဝါဒစနစ် ( Multilateralism ) က အမေရိကန်၏ တကိုယ်တော်ဝါဒစနစ်(Uniliteralism) ထက် သာလွန်ကြောင်း ပြသခဲ့သည်။
တီယန်ဂျင်းမှာ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးက ဘေဂျင်းစစ်ရေးပြအခမ်းအနားမတိုင်မီ ကျင်းပခြင်းဖြစ်သည်။ ဩဂုတ်(၃၁)ရက်မှ စက်တင်ဘာ(၁)ရက်ထိ ကျင်းပခဲ့သော အစည်းအဝေးကို အဖွဲ့ဝင် (၁၀)နိုင်ငံအပါအဝင် (၂၆)နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
တီယန်ဂျင်း SCO ထိပ်သီးအစည်းအဝေးမှာ မီဒီယာများ၏ အာရုံစူးစိုက်ခံရသူတဦးကတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဖြစ်သည်။ မိုဒီသည် (၇)နှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေးမှာ ၂၀၂၀ က နှစ်နိုင်ငံနယ်စပ်ဒေသ အငြင်းပွားမှု ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ယိုယွင်းသွားခဲ့သည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံသို့ မိုဒီ သွားရောက်ခြင်း မရှိတော့။ နှစ်နိုင်ငံကြား အေးခဲနေခဲ့သော ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရုရှားနိုင်ငံ၊ကာဇန်တွင် ကျင်းပသည့် BRICSအစည်းအဝေးမှာ မိုဒီ နှင့် ရှီကျင်းပင်တို့ တွေ့ဆုံမှုမှ အစပြု၍ ပြန်လည် နွေးထွေးလာခဲ့သည်။ ယခု ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးမှာ မိုဒီအတွက် တိုက်ဆိုင်မှုတွေ ရှိနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဩဂုတ်လ(၂၇)ရက်က အိန္ဒိယအား သွင်းကုန်ခွန်(tariff) ၅၀% စတင် တိုးမြှင့် ကောက်ခံခဲ့သည်။ အိန္ဒိယသည် ရုရှားထံမှ ရေနံများ ဝယ်ယူနေသည့်အတွက်ကြောင့်ဟုဆိုသည်။ အိန္ဒိယသည် ရုရှားထံမှ ရေနံများ ဆက်လက်ဝယ်ယူနေခြင်းဖြင့် ကျူးကျော်စစ်ဆင်နွှဲနေသော ရုရှားကို ပံ့ပိုးနေသည်ဟု ထရမ့်က မြင်သည်။
မိုဒီ၏ တရုတ်ခရီးစဉ်မှာ ထရမ့်က အိန္ဒိယအပေါ် အခွန် ၅၀% တိုးမြှင့်ကောက်ခံလိုက်ချိန်နှင့် တိုက်ဆိုင်နေသည်။ ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမှုက အိန္ဒိယကို တရုတ်နှင့် ပိုမို နီးကပ်သွားစေသလိုဖြစ်ခဲ့သည်။ (၇)နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မိုဒီကို ရှီကျင်းပင်က အသေအချာ အကျအန ဂရုတစိုက် ကြိုဆိုသည်။ အာရှတိုက်၏ ကြီး နှစ်ကြီး တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။
ရှီကျင်းပင်က မိမိတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ပြိုင်ဘက်များမဟုတ်ဘဲ လက်တွဲဖော်များဖြစ်ကြောင်း နှင့် အတူတကွ ဖွံ့ဖြိုးရေးတိုးတက်ရေး လက်တွဲ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ နဂါး နှင့် ဆင် အတူယှဉ်တွဲ၍ ကကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုဒီ-ရှီကျင်းပင် တွေ့ဆုံဆွေးနွေးမှုနှင့်အတူ ၂၀၁၉ခုနှစ်ကတည်းက ရပ်ဆိုင်းထားသည့် အိန္ဒိယ နှင့် တရုတ်ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့သလို နှစ်နိုင်ငံကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံသားများ ဗီဇာရရှိရေးကိစ္စများ သဘောတူညီခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးကာလအတွင်း မိုဒီ၊ ပူတင်နှင့် ရှီကျင်းပင် (အိန္ဒိယ၊ ရုရှား၊ တရုတ်) ကမ္ဘာ့နိုင်ငံကြီး သုံးခု၏ ခေါင်းဆောင်သုံးဦး ခေါင်းချင်းဆိုင်နေကြပုံများက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ထိပ်သီးအစည်းအဝေး၏ ထူးခြားသော ပုံရိပ်တခု ဖြစ်ခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO) သည် အမေရိကန် နှင့် အနောက်အုပ်စုကို အန်တုမည့်အဖွဲ့အဖြစ် ပေါ်လွင်ထင်ရှားလာသည်။
တချိန်တည်းတွင် ထွက်ပေါ်လာသည့် မေးခွန်းတခုက ” အိန္ဒိယ ဘာလဲ” ဖြစ်သည်။
အိန္ဒိယသည် အမေရိကန်ကို ကျောခိုင်းပြီး တရုတ်၊ ရုရှားတို့နှင့် ပူးပေါင်းသွားပြီလား။ အိန္ဒိယ၏ ရပ်တည်ချက်က ဘာလဲ။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)သည် ၂၀၀၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသောအဖွဲ့တခုဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က တရုတ်၊ ရုရှား နှင့် အာရှအလယ်ပိုင်းက ဆိုဗီယက်ဟောင်း ကာဇက်စတန်၊ ကာဂျီကစ္စတန်၊ တာဂျီကစ္စတန် ငါးနိုင်ငံသာပါဝင်သောအဖွဲ့ဖြစ်သည်။ ၁၉၉၀ ဆိုဗီယက်ပြိုကွဲအပြီး Shanghai Five အမည်ဖြင့် ပေါ်ပေါက်လာသောအဖွဲ့ဖြစ်သည်။
ယခုအချိန်တွင် အဖွဲ့ဝင် (၁၀)နိုင်ငံရှိလာပြီဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘီလာရုစ်တို့ ပါဝင်လာသည်။ လူဦးရေများပြားပြီး စီးပွားရေးအင်အားတောင့်တင်းသည့် အိန္ဒိယ ပါဝင်လာသဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ အင်အားပမာဏသည် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးရှီပြီး ကမ္ဘာ့ကုန်းမြေ လေးပုံတစ်ပုံနှင့် ကမ္ဘာ့ဂျီဒီပီ ပမာဏ လေးပုံတစ်ပုံအထိ ရှိလာသည်။ လက်ရှိအချိန်တွင် လေ့လာသူအဖွဲ့ဝင် နှစ်နိုင်ငံ( အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား) နှင့် ဆွေးနွေးဖက်အဖွဲ့ဝင် (၁၄)နိုင်ငံရှိပြီး ထိုအထဲတွင် တရုတ်ဩဇာမကင်းသောနိုင်ငံများနှင့် တရုတ်ဩဇာခံနိုင်ငံအများစု ပါဝင်သည်။
SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသူများမှာ ကိုယ့်အကြောင်းနှင့် ကိုယ်၊ ကိုယ့်ကိစ္စနှင့်ကိုယ် ရောက်လာကြသူများဖြစ်သည်။ လိုလားချက်ကိုယ်စီ၊ အကျိုးစီးပွားကိုယ်စီနှင့် ရောက်လာကြသူများဖြစ်သည်။
အိန္ဒိယသည် တရုတ်နှင့် ပူးပေါင်းလာသည်ဟုဆိုသော်လည်း အခြားတဖက်တွင် အမေရိကန်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိနေသည်။ ၂၀၀၈ ခုနှစ်မှစ၍ အမေရိကန် နှင့် အိန္ဒိယကြား ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များ ရှိခဲ့ကြသည်။ အိန္ဒိယအနေဖြင့် အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးရှိသော်လည်း ကမ္ဘာ့အရေးများတွင် အမေရိကန်၏ နောက်လိုက်အဖြစ် ပါဝင်ခြင်းတော့ မရှိခဲ့။
ရုရှား၏ ယူကရိန်းကျူးကျော်မှုကို အိန္ဒိယသည် တရားဝင်ကန့်ကွက်မှု မရှိခဲ့သလို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားသော ရုရှားထံမှ အိန္ဒိယက ရေနံများ ဝယ်ယူနေခဲ့သည်။ ထိုသို့ ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် ထရမ့်က အိန္ဒိယကို အပြစ်ပေး အခွန်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် ဂျပန်၊ဩစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော Quad လုံခြုံရေးမဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်လည်းဖြစ်သည်။
သို့သော် တရုတ်- အိန္ဒိယဆက်ဆံရေးမှာ ချောမွေ့သည်ဟုတော့ မဆိုနိုင်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော သံသယတွေ ရှိသည်။ ပြီးခဲ့သည့် မေလက အိန္ဒိယနှင့် ပါကစ္စတန်တို့ နယ်စပ်စစ်ပွဲ ဖြစ်ပွားခဲ့ရာ ပါကစ္စတန်သည် တရုတ်လုပ် တိုက်လေယာဉ်နှင့် လက်နက်များ အသုံးပြုခဲ့သလို တရုတ်သည် ပါကစ္စတန်ကို အနီးကပ်အကူအညီများပေးနေခဲ့သည်။
တရုတ်သည် ပါကစ္စတန်၊ သီရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက် စသည့်နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးပြီး အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ဖို့ကြိုးစားနေသည်ဟု အိန္ဒိယက မြင်သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ ” နဂါး နှင့် ဆင် အတူယှဉ်တွဲ က ကြပါစို့” ဟု ရှီ၏ ပြောဆိုချက်မှာ နားထောင်ကောင်းသော်လည်း လက်တွေ့ ဖြစ်ပေါ်လာဖို့ သံသယရှိသည်။ ကျင်းပပြီးစီးခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)အစည်းအဝေးမှာ ရှီ က တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် BRI အစီအစဉ် အောင်မြင်ရေးကို အဓိကထား ပြောဆိုသွားခဲ့သည်။ အိန္ဒိယသည် တရုတ်၏ BRI ကို ထောက်ခံသော နိုင်ငံမဟုတ်။
SCO အစည်းအဝေးအတွင်း ပူတင်၊ မိုဒီ၊ ရှီတို့၏ အပြုံးများနောက်ကွယ်မှာ ဝှက်ဖဲများ ကိုယ်စီရှိနေကြသည်။ ရုတ်တရက်ကြည့်လျှင် အမေရိကန် နှင့် အနောက်အုပ်စုကို အာခံမည့် အင်အားကြီး သုံးနိုင်ငံဟု ယူဆရသော်လည်း ထိုအထဲတွင် အိန္ဒိယ မပါဝင်။ ထို့ကြောင့် မိုဒီ သည် တရုတ်တို့၏ စစ်ရေးပြအခမ်းအနားကို မတက်ရောက်ဘဲ စောစော ပြန်သွားခြင်းဖြစ်သည်။
အိန္ဒိယ၏ တရုတ်ဆက်ဆံရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိသော်လည်း အိန္ဒိယမူဝါဒရေးရာပညာရှင်တွေကတော့ အိန္ဒိယသည် သူ၏မူလနိုင်ငံခြားရေးမူဝါဒ “ဘက်မလိုက်” ( non-aligment ) နေရာတွင် “ဘက်စုံလိုက်သော” (multi-aligment) မူဝါဒဖြင့် အစားထိုးလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုနေကြသည် …။
# CWM. Ref: The bigger story behind Modi’s China trip. A China- India thaw is underway, but flashpoints haven’t gone away, CNA. Modi and Xi meet: Trump as the wildcard and other takeways,BBC.
#MeKongNews








