မဲခေါင်၊ စက်တင်ဘာ ၅
စင်ကာပူတွင် ဆေးကုသမည်ဟု ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီး ဒူဘိုင်းရောက်သွားသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ လာမည့် စက်တင်ဘာ ၉ ရက်တွင် ထောင်ကျမခံဘဲ ဟန်ဆောင်ဆေးရုံတက်မှုဖြင့် တရားရင်ဆိုင်ရန်ရှိနေရာ စက်တင်ဘာ ၈ ရက်မတိုင်မီ ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ X (Twitter) အကောင့်တွင် ရေးသားခဲ့သည်။
ထိုင်းစံတော်ချိန် နံနက် ၃ နာရီခန့်တွင် သက်ဆင်ရေးသားထားသည်မှာ ၎င်းသည် ယခင်ပြည်ပတွင်နေစဉ်က ပြသနေကျဖြစ်သည့် စင်ကာပူရှိ ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံရန်အတွက် စင်ကာပူသို့သွားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေဆိပ်လဝက၏ ဟန့်တားမှုကြောင့် အချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားခွင့်နှင့် ပတ်သက်သည့် ထိုဟန့်တားမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ အခြားထိုင်းနိုင်ငံသားများကဲ့သို့ပင် တူညီသည့် ခရီးသွားလာခွင့်ရှိပြီဖြစ်ကြောင်း ရေးသားထားသည်။
လဝကတွင် အချိန်ကြန့်ကြာခြင်းကြောင့် စင်ကာပူရှိ ပုဂ္ဂလိကလေယာဉ်များအသုံးပြုသည့် ဆယ်လီတာလေဆိပ်သို့ အချိန်မီ ဆိုက်ရောက်နိုင်မည်မဟုတ်ဟု လေယာဉ်မှူးက အကြောင်းကြားကြောင်း၊ လေဆိပ်မှာ ည ၁၀ နာရီပိတ်ကြောင်း၊ စင်ကာပူတွင် အချိန်မီဆင်းသက်နိုင်မည် မဟုတ်သည့်အတွက် ဒူဘိုင်းသို့သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆင်က ဆိုသည်။
ဒူဘိုင်းတွင် ၎င်း ပုံမှန်ပြသနေသည့် အရိုးနှင့် အဆုတ်အထူးကုဆရာဝန်တစ်ဦး ရှိသလို ၂ နှစ်ကြာ မဆုံဖြစ်သည့် ဒူဘိုင်းနေ မိတ်ဆွေတစ်ဦးနှင့်လည်း ဆုံတွေ့ရန် အခွင့်အရေးရသွားခဲ့ကြောင်း၊ အက်ဒမန်ပင်လယ်ပြင်တွင် စက်ဝိုင်းပုံလေယာဉ် ၂ ပတ် ပတ်ခြင်းမှာ ဒူဘိုင်းတွင် လေယာဉ်ဆင်းသက်ခွင့်အတွက် မရှင်းမလင်းဖြစ်ခဲ့သည့်အတွက်ဖြစ်ကြောင်း သက်ဆင်က ရေးသားထားသည်။
၎င်းအနေဖြင့် စက်တင်ဘာ ၈ ရက်ထက် နောက်မကျဘဲ ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ပြီး သို့မှသာ ၉ ရက်နေ့ ရုံးချိန်းသို့ လူကိုယ်တိုင် တက်ရောက်နိုင်မည်ဖြစ်ကြောင်း ရေးသားရင်း အဆုံးသတ်ထားသည်။
Source – Khaosod
#MeKongNews
#MeKongNews
#သက်ဆင်
#ဒူဘိုင်း
#စင်ကာပူ
#ထိုင်းနိုင်ငံရေး








