မဲခေါင်၊ စက်တင်ဘာ ၃
ခရိုနီနေဝင်းထွန်း ကုမ္ပဏီအပါအဝင် ပြည်သူ့စစ်များက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်းရှိ သတ္တုများကို ရုရှားနှင့် ဖက်စပ်တူးဖော်ရန် ကြိုးပမ်းနေကြောင်း ရှမ်းအရှေ့သတ္တုအသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက မိုင်းတုံမြို့ ၁၃မိုင်ရှိ ခနောက်စိမ်းထွက်ရှိရာနေရာသို့ ရုရှားသံရုံးမှ ၃ဦးပါအဖွဲ့ လာရောက်ကြည့်ရှုပြီးနောက် လာမည့် မကြာမီကာလအတွင်း ဖက်စပ်တူးဖော်နိုင်ချေ ရှိနေကြောင်း သတ္တုအသိုင်းအဝိုင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“ကုမ္ပဏီတစ်ခုက နေပြည်တော်သတ္တုတွင်းကိုလျှောက်တာ အဲလုပ်ကွက်တွေက ဦးပိုင်နဲ့ ရုရှားဖက်စပ်လုပ်ဖို့ရှိလို့ မရဘူး ပြောတယ်။ PNOနဲ့ ဒေသခံပြည်သူ့ စစ်လည်း ပါမယ်ကြားတယ်။ မကြာဘူး လာလုပ်တော့မယ်” ၎င်းက စက်တင်ဘာ၂ရက်တွင် ပြောသည်။
ခနောက်စိမ်း ထွက်ရှိသည့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၏ ၁၃ မိုင်ရွာအနောက်ဘက် ၆အိုင်ခန့်အကွာအထိ ရုရှားများ လာရောက်စမ်းသပ်ခဲ့ကြောင်း သတ္တုမြေပုံတွင်ဖော်ပြထားသည်ဟု ယင်းသတင်းအရင်းအမြစ်က ဆိုသည်။
သတ္တုတူးဖော်ရာတွင် မိုင်းဆတ်အခြေစိုက် ရွှေလားဟူကုမ္ပဏီနှင့် ခရိုနီနေဝင်းထွန်း ကုမ္ပဏီများပါဝင်ကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။
“ရွှေလားဟူကုမ္ပဏီပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဦးနေဝင်းထွန်းကုမ္ပဏီတွေ ပါတယ်လို့ သိရတယ်။ ရွှေလားဟူက နေရာပြ၊ PNOက စရိတ်ခံပေါ့။ ရုရှားနဲ့ဦးပိုင်လုပ်မှာဖြစ်လို့ မြို့အရှေ့ဘက် ဟွေပါလောင်းမှာ ပြည်သူ့စစ်တွေစက်နဲ့ တူးနေတာတောင်ရပ်ထားရပြီ။ လက်တူးတာတော့ ရှိနေသေးတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ယင်းသတ္တုလုပ်ကွက်များဆီသို့ အရပ်သားများ သွားရောက်ခွင့်မရဘဲ လက်နက်ကိုင်ပြည်သူ့စစ်များ ကင်းအထပ်ထပ်ဖြင့် လုံခြုံရေးရယူထားကြောင်း ဒေသခံများထံမှ သိရသည်။
ရုရှားအဖွဲ့မှာ အခြားခနောက်စိမ်းထွက်ရှိရာ ပုံပါကျင်အနီးမှ မုံးကျွတ်၌ စမ်းသပ်ရန် ကြိုးပမ်းခဲ့သော်လည်း ‘ဝ’ တပ်ဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် သွားရောက်ခဲ့နိုင်ခြင်းမရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိ သတ္တုတူးဖော်မှုစနစ်တွင် ဦးပိုင်မှ ၄၀ရာ ခိုင်နှုန်းပါရှိမှသာ တူးဖော်ခွင့်နှင့် သက်တမ်းတိုးခွင့် ရှိကြောင်း သတ္တုကုမ္ပဏီများထံမှ သိရသည်။
သတ္တုတူးဖော်ခွင့်တွင် စမ်းသပ်တူးဖော်ခွင့်ကာလကို ၂နှစ်သတ်မှတ်ထားပြီး သက်တမ်းတစ်နှစ်စီဖြင့် ၂ကြိမ်သက်တမ်းတိုးခွင့်ရှိကာ ယင်းကာလအတွင်း ထွက်ရှိသတ္တုများကို ဝန်ကြီးဌာနသို့မသွင်းရဘဲ တူးဖော်ခွင့်ကျမှသာ ထွက်ရှိမှု၏ ၂၀ရာခိုင်နှုန်းပေးသွင်းကြရကြောင်း လုပ်ထုံးလုပ်နည်းများအရ သိရသည်။
အချို့သော ကုမ္ပဏီများအနေဖြင့် ခနောက်စိမ်းဟု တရားဝင်ပြပြီး ရွှေတူးဖော်သည်များလည်း ရှိနေသဖြင့် သတ္တုစစ်ဆေးရေးက ရှောင်တခင်နှင့် ပုံမှန်စစ်ဆေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
#MeKongNews
#ခနောက်စိမ်း
#သတ္တုတူးဖော်ရေး
#မိုင်တုံ
#ရှမ်းအရှေ့








