မဲခေါင်၊ စက်တင်ဘာ ၂
ဆိုင်ကယ်ခိုးမှု၊ လုယက်မှုများ အမြောက်အများဖြစ်နေသည့် ရှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးနှင့် သူခိုးလက်ခံဝယ်ယူသူများကို ဩဂုတ် ၃၁ ရက်ညနေပိုင်းက ဖမ်းဆီးရမိကြောင်း ရဲစခန်းနှင့်နီးစပ်သူထံမှ သိရသည်။
ဆိုင်ကယ်သူခိုးများမှာ ယခင်က ခိုးမှုပြစ်ချက်ဟောင်းရှိသူ စိုင်းဆွမ်ဆိုင်း(ခ)အိုက်ဆိုက်နှင့် ဟောက်လျံမာန် (ခ)အားဟောင်တို့ ၂ ဦးဖြစ်ပြီး ဩဂုတ် ၂၆ ရက်နေ့က ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းနေ စိုင်းရှဲန်တစ်ဆိုသူ၏ PCX အမျိုးအစား ခို/ပြာရောင် ဆိုင်ကယ် တစ်စီးအား ခိုးယူထားကြောင်းသိရသည်။
၎င်းတို့၂ဦးကို ဩဂုတ် ၃၁ ရက်ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ အစစ်ခံချက်အရ ခိုးယူထားသော ဆိုင်ကယ်ကို ရန်အောင်မြေရပ်ကွက်၊ ရွှေဝါနဒီပန်းခြံလမ်းနေ ဟိန်းဇော်ထံတွင် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှုမှာ တစ်ရက်တစ်စီးအနည်းဆုံးရှိနေရာ ယခုဖမ်းဆီးရမိမှုသည် မဆိုစလောက်သာရှိသော်လည်း နောက်ထပ် ဆိုင်ကယ်သူခိုးနှင့် သူခိုးလက်ခံများ ဖမ်းဆီးရမိကာ ခိုးယူခံရသည့် ဆိုင်ကယ်များပါ ပြန်လည်ရရှိနိုင်ရန် ဒေသခံလူထုက မျှော်လင့်နေကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#သူခိုးလက်ခံ
#ရန်အောင်မြေရပ်ကွက်








