မဲခေါင်၊ စက်တင်ဘာ ၂
မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းရှိ သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်ကို မန္တလေး စ သုံးလုံးမှ ဝင်ရောက်စစ်ဆေးပြီး လက်ထောက်ညွှန်မှူး၊ ရဲမှူးနှင့် ကျန်အဆင့်အရာရှိများကိုပါ လာဘ်စားမှုဖြင့် ဖမ်းဆီးသွားကြောင်း စသုံးလုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က မန္တလေး စသုံးလုံးက နေပြည်တော်မှ တိုက်ရိုက်အမိန့်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က မဲခေါင်သို့ ယမန်နေ့ စက်တင်ဘာ ၁ရက်နေ့က အတည်ပြုပြောဆိုသည်။
“မန္တလေးက လာဘ်စားတယ်လို့ သတင်းဆိုးထွက်နေတဲ့ Custom (အကောက်ခွန်) ညွှန်မှူး အောင်ခိုင်ပါ အဆွဲခံရတဲ့အထဲ ပါတယ်။ ပိုက်ဆံပေးရင် စက်ပါ ပိတ်ပေးတယ်။ နဲနဲတော့ မရဘူး။ အတားအစီးမရှိ၊ အပိတ်အပင်မရှိ၊ အောက်ခြေဝန်ထမ်းကအစ ကားတစီး ဝယ်စီးနိုင်တဲ့ ဂိတ်ကြီးပေါ့” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသည့် နေ့တစ်ရက်ထဲမှာပင် ငွေသား ကျပ်သိန်း ၅၀၀ သိမ်းဆည်းရမိပြီး အချင်းချင်း အမှုလျော့ပေးရန် ညှိနှိုင်းကြသော်လည်း နေပြည်တော်မှ တိုက်ရိုက်အမိန့်ဖြစ်၍ ညှိမရကြောင်း သတင်းရင်မြစ်ထံမှ သိရသည်။
ယင်းကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် ဝန်ထမ်းများသာမက ပြင်ပအရပ်သားများကပါ ကြားခံအနေဖြင့် ငွေကြေး ညှိနှိုင်းရယူမှုများ ရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။
လမ်းကြောင်းရှင်းခ ခေါ် ကုန်ပစ္စည်း အစစ်ဆေးမခံရရန် ငွေကြေးသိန်းဆယ်ချီ၊ ရာချီဖြင့် ကြားခံများမှ တဆင့် ညှိနှိုင်းပေးကမ်း ဖြတ်သန်းကြရကြောင်း ကုန်တင်ယာဥ်မောင်းများက ပြောသည်။
“အမှန်တော့ လူသုံးကုန်တွေပါဗျာ။ အမိန့်တွေထုတ်ပြီး ကြပ်လိုက်တော့ ပစ္စည်းတွေကို အဖမ်းမခံရအောင် ဒီလိုပဲပေးကမ်းရတာ။ အမျိုးသမီးလစဥ်သုံးတို့၊ လူကြီးဒိုင်ပါတို့ပါ။ ခုရောက်လာတဲ့အဖွဲ့က ရှေ့အဖွဲ့ အဖမ်းခံထားရတော့ ညှိလို့မရသေးဘူး။ ရန်ကုန်အတက်ရော၊ အဆင်းရော ဖွင့်ဖောက်စစ်နေတာ ကြမ်းတယ်။ အချိန်တွေ ကုန်ပစ္စည်းတွေ ဆုံးရှုံးရတာပေါ့။ အမေးအမြန်းမရှိ သိမ်းတာ” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းကျွဲတပ်ဆုံဂိတ်သည် တောင်ကြီးဘက်မှ အဆင်းနှင့် မန္တလေးမှ ရန်ကုန်ဘက်သွားကားများကို X- Ray ဖြင့် စစ်ဆေးသလို လူက သံချွန်ဖြင့်ပါ ထိုးစစ်သည့်ဂိတ်ဖြစ်သော်လည်း ယင်းဂိတ်မှပင် ဖြတ်သန်းသွားသည့် မူးယစ်ဆေးဝါးများစွာ ဖြတ်သန်းသွားသည့် ဂိတ်လည်း ဖြစ်သည်။
မဟာ
#MeKongNews
#ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်
#စသုံးလုံး
#ရှမ်းတောင်
#မန္တလေး
#ဖမ်းဆီးအရေးယူမှု








