မဲခေါင်၊ စက်တင်ဘာ ၁
စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲသည် စစ်တပ်၏ ဝါဒဖြန့်ချိရေးနှင့် လောင်းကစားပွဲများအဖြစ်သာ အဓိကပြုလုပ်နေသည့်အတွက် ဆန့်ကျင်ကြရန် အင်းလေးဒေသ လူထုလှုပ်ရှားမှုအဖွဲ့များက သြဂုတ်လ ၃၁ ရက် ညနေပိုင်းက ထုတ်ပြန်တိုက်တွန်းသည်။
အင်းလေးဒေသရှိ ကျေးရွာများသည် ငလျင်ဒဏ် ပြင်းထန်စွာခံရပြီး အများစုသည် အိုးအိမ်များကို စိတ်ချရသည်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသလို လက်ရှိတွင် အင်းလေးကန်သည် ယမန်နှစ်ကဲ့သို့ ဒုတိယအကြိမ်အဖြစ် ရေတက်လာသည့်အတွက် ရေဘေးဒဏ်ပြင်းထန်စွာ ခံစားနေရချိန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ပြည်သူအများ ဒုက္ခ၊ သောကများ ကြုံနေရချိန်တွင် စစ်ကောင်စီမှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖောင်တော်ဦးဘုရားပွဲ ကျင်းပရန် လုပ်ဆောင်နေပြီး အင်းလေးနေ ငလျင်ဘေး၊ ရေဘေး၊ လေဘေးသင့် ပြည်သူအများစုမှ ငွေကြေးထည့်၀င်ရခြင်း၊ မတရားစစ်သားစုဆောင်း စရိတ်ထည့်ရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲ ခံစားနေရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဘုရားပွဲသို့ လာမည့် စက်လှေများ မောင်းနှင်မှုကြောင့် အိုးအိမ်များ ထပ်မံပျက်စီးမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း လူထုလှုပ်ရှားမှုအဖွဲ့များက ဆိုသည်။
“မဖြစ်မနေ လက်နက်ကိုင်တော်လှန်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုထဲ မဟုတ်ဘဲ အင်းလေးဒေသအတွက် ကဏ္ဍပေါင်းစုံ ကိုယ်စားပြုတဲ့၊ အင်းလေးဒေသအတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့အထိ ကြိုးစားကြဖို့ ရည်ရွယ်ထားလို့ ဒီလိုသဘောထားထုတ်ပြန်ချက်တွေ ထုတ်ပြန်ရခြင်း ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ အင်းဒေသတွင်း နေထိုင်တဲ့ ပြည်သူတွေကိုယ်စား လုပ်ချင်သလိုလုပ်နေတဲ့ စစ်အုပ်ချုပ်ရေးကို လက်မခံဘူး။ ရတဲ့နေရာ ရတဲ့အချိန် ရသလိုတော်လှန်မယ်” ဟု ထုတ်ပြန်စာနှင့် စပ်လျဥ်းပြီး အင်းလေး – ၁၀၀၉ တပ်ရင်း IPDF မှ တပ်ရေးအင်းသွေးနီက မဲခေါင်သို့ ယနေ့ ပြောသည်။
အင်းလေးဒေသခံပြည်သူများအနေဖြင့် စစ်တပ်ပြုလုပ်မည့် ဘုရားပွဲကို ဆန့်ကျင်၍ ကိုယ့်ဘုရားကိုယ်ဖူး၊ ကိုယ့်ကုသိုလ်ကိုယ်ယူကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု အင်းသွေးနီက ပြောသည်။
ထုတ်ပြန်ချက်ကို အင်းလေး ၁၀၀၉ တပ်ရင်း – IPDF၊ အင်းလေးအမျိုးသမီးသမဂ္ဂ – IWU၊ အင်းလေး ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု၊ FDM၊ BOE Of Naung Shwe၊ Inle Medical Team တို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက အင်းလေးဖောင်တော်ဦးဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ ၁၈ ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
#MeKongNews
#InleLake
#အင်းလေးဒေသ
#ဖောင်တော်ဦးဘုရားပွဲ
#ရှမ်းပြည်တောင်ပိုင်း








