မဲခေါင်၊ သြဂုတ် ၃၁
စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်ဖြစ်သည့် ပန်ကျိုင်းပြည်သူ့စစ်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေပါလောင်းကျေးရွာဝန်းကျင်မှာရှိသည့် ခနောက်စိမ်းသတ္တု တူးဖော်သည့် လုပ်ကွက်ကို လက်ဝါးကြီးအုပ်ထားပြီး အခြားအဖွဲ့များနှင့် အပြင်လူမဝင်ရစေရန် လုံခြုံရေးတင်းကြပ်စွာဖြင့် တရားမဝင် တူးဖော်နေကြောင်း ဒေသခံများထံက သိရသည်။
ယင်းခနောက်စိမ်းသတ္တုကြောသည် မိုင်းတုံ- မိုင်းဆတ်သွား ကားလမ်းပေါ်မှ ၁၃ မိုင်လုပ်ကွက်နှင့် တကြောထဲဖြစ်ပြီး အရည်အသွေးကောင်းမွန်သည်ဟု ခနောက်စိမ်းဝယ်နေသူများထံက သိရသည်။
“မြို့မှာကို နှစ်ချုပ်နဲ့ အိမ်ငှားပြီး တရုတ်မတွေက ဒိုင်ဖွင့်ဝယ်နေတာ။ ကောင်းရင်ကောင်းသလို စျေးကွာတယ်။ တစ်တန်ကို ခုလက်ရှိ ကျပ်သိန်း ၁၇၀ ကျော် ရှိနေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
တစ်တန်လျင် ဘိလပ်မြေအိတ်ခွံဖြင့်ထည့်ပြီး အိတ်၂၀ရှိကာ လုပ်ကွက်တွင် တစ်ပါတည်းချုပ်၍ တာချီလိတ်သို့ ပို့ဆောင်နေကြောင်း၊ ကားသမားကို တစ်တန်လျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ ပေးကြောင်း သိရသည်။
“မကြာသေးဘူး နယ်ခြားတပ်က ဘက်ဟိုး ၃ စီးနဲ့လာတူးလို့ စကားများကြသေးတယ်။ ခုတော့ ညှိလို့အဆင်ပြေသွားကြပြီ။ တူးတဲ့နေရာက လျှိုထဲမှာ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။
ယင်းနေရာကို လွန်ခဲ့သည့် ၃ လခန့်က စတင်တူးဖော်နေခြင်းဖြစ်ပြီး ထွက်ခါစက တစ်တန်လျင် ကျပ်သိန်း ၈၀ သာရှိရာမှ ယခု ကျပ်သိန်း ၁၇၀ ကျော်အထိ စျေးမြင့်လာခြင်း ဖြစ်သည်။
ခနောက်စိမ်းထွက်ရှိသည့်နေရာကို ဒေသခံများက စတင်တွေ့ရှိတူးဖော်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်က အများသူငါကို ပေးမတူးတော့ဘဲ ၎င်းတို့သာ လက်ဝါးကြီးအုပ် တူးဖော်နေခြင်းကြောင်း ဒေသခံများက ဆိုသည်။
“ပထမတန်းစားက (သတ္တုပါဝင်မှုနှုန်း) ၃၀ ရာခိုင်နှုန်းကျော်တယ်။ A,B,C အတန်းအစားခွဲဝယ်တယ်။ စျေးကတော့ သူ့အတန်းနဲ့သူပေါ့။ အားလုံးဝယ်ကြတယ်” ဟု ယင်းခနောက်စိမ်းလုပ်ကွက်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ယခု လုပ်ကွက်မှ ခန့်မှန်းတစ်ရက်လျှင် တစ်တန်မျှထွက်ရှိနေပြီး လုပ်ကွက်နေရာတွင် အပြီးအစီးအိတ်ဖြင့်ချုပ်၍ သယ်ဆောင်နေကြောင်း၊ သတ္တုကြောမှာ အလွန်ကောင်းကြောင်း ယင်းနီးစပ်သူက ပြောသည်။
“အိတ်က တစ်ဝက်ကျော်ပဲထည့်နိုင်တယ်။ အားသန် ၂ ယောက်မတာ အပြည့်ဆိုမနိုင်ဘူး။ ကားပေါ်တက်စစ်လည်း ဘိလပ်မြေအိတ်လို့ပဲ ထင်ရမယ်။ သတ္တုကြောက တအားကောင်းတယ်” ဟု ၎င်းကပြောသည်။
မိုင်းတုံတွင် သတ္တုတူးဖော်နေသည့် ကုမ္ပဏီများ စာချုပ် သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုးနှင့်အသစ်လျှောက်ရာတွင် လက်ရှိ၌ စစ်တပ်ပိုင်ဦးပိုင်မှ ၄၀ ရာခိုင်နှုန်း ၊ ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်းဟု စစ်ကောင်စီ၏ သတ္တုတွင်းဌာနက သတ်မှတ်ထားသည့်အတွက် သတ္တုကုမ္ပဏီများ ယခင်ကဲ့သို့ မလွယ်ကူတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။
“အခုက စစ်ထွက်အရာရှိပွဲစားတွေ ခြေချင်းလိမ်နေတယ်။ ဦးပိုင်နဲ့ နယ်မြေခံတပ်တွေနဲ့ ညှိဖို့ ဘယ်လောက်ဆိုပြီး စျေးကွက်မှာ လှုပ်ရှားနေကြတယ်” ဟု သတ္တုကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူကပြောသည်။
စမ်းသပ်တူးဖော်ခွင့်၊ သက်တမ်းတိုးတူးဖော်ခွင့်များရရန် ကျပ်သိန်းထောင်ချီ ကုန်ကျနေပြီး တရားဝင်တူးဖော်ခွင့်ရရန်အတွက် နယ်မြေခံလူထု၊ အုပ်ချုပ်ရေးဌာနစုံအဆင့်ဆင့်၊ စစ်တိုင်း၊ တိုင်းအစိုးရ၊ ဘူမိဗေဒနှင့် သစ်တောဌာနများသို့ ပေးကမ်းရသည့်အတွက် တရားဝင်မတူးတော့ဘဲ တရားမဝင်သာ တူးနေကြခြင်းဖြစ်ကြောင်း သတ္တုကုမ္ပဏီများထံမှ သိရသည်။
ရွှေ၊ ခနောက်စိမ်း၊ ခဲမဖြူသတ္တုများ တူးဖော်ခွင့်ကို စစ်ကောင်စီ၏ အမှတ် ၂ သတ္တုတွင်းဌာနမှ အဓိကချထားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခု မိုင်းတုံမြို့နယ်တွင် ရွှေ၊ ခနောက်စိမ်း၊ ခဲမဖြူ များစီးပွားဖြစ်ထွက်ရှိသည်ဆိုပြီး တရားဝင်လျှောက်ထားနေကြသလို တရားမဝင်တူးဖော်မှုများလည်း အများအပြားရှိနေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
#MeKongNews
#မိုင်းတုံ
#ခနောက်စိမ်း
#သတ္တုတူးဖော်မှု
#ပြည်သူ့စစ်
#ပန်ကျိုင်းပြည်သူ့စစ်








