မဲခေါင်၊ ဩဂုတ် ၃၀
ကာဂျီကီ မုန်တိုင်း ပြီးဆုံးသွားပြီးနောက် တုံကင်ပင်လယ်ပြင်တွင် နောက်ထပ် အပူပိုင်း မုန်တိုင်း နောင်ဖ ထပ်မံ ဖြစ်ပွားနေ၍ ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ ရှမ်းပြည်တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ကာကျီကီမုန်တိုင်းအရှိန်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ဝင်ရောက်ကာ ပြီးဆုံးသွားခဲ့ပြီးနောက် ဒုတိယမြောက် မုန်တိုင်းအကြွန်းအကျန် ထပ်မံ ဝင်လာရန် ရှိနေခြင်း ဖြစ်သည်။
အပူပိုင်းမုန်တိုင်း “နောင်ဖ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၉ နာရီအတွင်း ဗီယက်နမ်နိုင်ငံကမ်းခြေ ဗင့်မြို့နှင့် ဒါနန်းမြို့တို့ အကြားမှ ဖြတ်ကျော်နိုင်ပြီးနောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံပေါ်သို့ ရောက်ရှိကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည် ဟု ဖော်ပြထားသည်။
အပူပိုင်းမုန်တိုင်း “နောင်ဖ” ၏ အရှိန်ကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ရှမ်းပြည်အပါအဝင် တနိုင်ငံလုံးတွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်သည် ဟု ဆိုသည်။
“နောင်ဖ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည် မိုးဇလက သတိပေးထားသည်။
မြန်မာနိုင်ငံသည် မိုးနှောင်းကာလကို ရောက်ရှိလာပြီ ဖြစ်ကာ မုတ်သုံ ဆုတ်ခွာသည့် အချိန် ရောက်ရှိလာသည် ဖြစ်၍ ရှမ်းပြည်ဒေသအများစုတွင် မိုးရွာသွန်းမှု အားကောင်းနိုင်သည် ဟု ပညာရှင်များက ခန့်မှန်းထားသည်။
#MeKongNews
#နောင်ဖမုန်တိုင်း
#အပူပိုင်းမုန်တိုင်း
#ရှမ်းပြည်
#မိုးရွာမည်
#မြန်မာနိုင်ငံ








