မဲခေါင်၊ ဩဂုတ် ၂၈
အမေရိကန်နိုင်ငံအတွင်း ကိုကင်းများ အဓိက မှောင်ခိုတင်ပို့သူ မူးယစ်-အကြမ်းဖက် အာဏာရှင်ဟုဆိုကာ ဖမ်းမိလျှင် ဆုကြေးဒေါ်လာ သန်း ၅၀ ပေးမည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ဒေါ်နယ်ထရမ့်အစိုးရမှ ဆုကြေးထုတ်ပြန်ခဲ့သော ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ချေမှုန်းရန် စစ်သင်္ဘော ၃ စီးအား အမေရိကန်ရေတပ်က စေလွှတ်လိုက်ပြီဖြစ်သည်။
အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘောတစ်စီး၊ USS Erie စစ်သင်္ဘောနှင့် နျူကလီးယား စွမ်းအင်သုံး အမြန်ဆုံးတိုက်ခိုက်နိုင်စွမ်းရှိသည့် ရေငုပ်သင်္ဘောတစ်စီး၊ စုစုပေါင်းရေတပ် စစ်သည် ၄၀၀၀ကို တောင်ဘက်သို့ စေလွှတ်လိုက်ခြင်းဖြစ်ကာ ကာရစ်ဘီယန်ကမ်းလွန်ဒေသသို့ နောက်တစ်ပတ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ရာ မာဒူရိုဘက်မှလည်း ကိုလံဘီယာနယ်စပ်သို့ စစ်သည် ၁၅၀၀၀ ကိုတပ်ရွှေ့ထားရှိသလို တင့်ကား၊ စစ်သင်္ဘောများပါ ဖြန့်ကျက်စောင့်ဆိုင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။
အွန်လိုင်းတွင် ပျံ့နှံ့လာသော ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရင်နို၏ ပြောစကားတွင် အမေရိကန်ကို ခုခံရန် ဒရုန်းများစွာပြင်ဆင်ထားရှိပြီး ရေတပ်ကင်းလှည့်မှုများ၊ ရေပိုင်နက်အတွင်း စစ်သင်္ဘောအုပ်စုများဖြင့် စစ်ရေးပြင်ဆင်မှု အသင့်ရှိနေမည်ဟု ပါရှိလာသည်။
အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံခန့်ခွဲမှု (DEA) အဖွဲ့သည် မာဒူရိုနှင့်ပတ်သက်သည့် ကိုကင်း တန် ၃၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုထဲမှ ၇ တန်သည် မာဒူရိုကိုယ်တိုင် မူးယစ်ကုန်သွယ်မှုကို ဦးဆောင်ပြုလုပ်နေသော The Cartel of the Suns မူးယစ်အကြမ်းဖက်ဂိုဏ်းလက်ချက်ဖြစ်ကြောင်း၊ အမေရိကန်မှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ (FARC) အပါအဝင် အခြားသော အင်အားကြီး လက်နက်ကိုင် မူးယစ်ဂိုဏ်းများမှ တစ်ဆင့်ပြီး တစ်ဆင့် လက်လွှဲကာ အမေရိကန်နိုင်ငံအတွင်းသို့ ကိုကင်းအများဆုံး မှောင်ခိုတင်သွင်းနေသူဖြစ်သည့်အတွက် ဆုကြေး ဒေါ်လာသန်း ၅၀ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
မနှစ်က စက်တင်ဘာလတွင် အမေရိကန်အစိုးရသည် မာဒူရိုပိုင်ဆိုင်မှု ဒေါ်လာသန်း ၇၀၀ ကျော်ကို သိမ်းဆည်းလိုက်ပြီး ထိုထဲတွင် ဗင်နီဇွဲလားအစိုးရပိုင် လေယာဉ် ၂ စီးလည်း ပါဝင်ခဲ့ကာ ယခု စစ်သင်္ဘော ၃ စီး စေလွှတ်ခြင်းမှာ မာဒူရိုကို ဖမ်းဆီးနိုင်ရေး ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု သို့မဟုတ် ပင်လယ်ပြင်မှ တိုက်ခိုက်ထိန်းချုပ်မှုများလုပ်ဆောင်ရန်ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#မာဒူရို
#မူးယစ်ဆေးဝါး








