မဲခေါင်၊ သြဂုတ်၂၇
အင်လေးဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် မနေ့ညနေပိုင်းက ကြေးပေါခုံအုပ်စု၊ ကန်ခေါင်းရွာတွင် နေအိမ် ၆၅လုံး၊ ဟတ်ပုံးရွာတွင် ၅၆လုံး အမိုးများလန်ကာ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက်၊ မွန်းလွဲ ၂နာရီခွဲ ဝန်းကျင်အချိန်တွင် လေပြင်းတိုက်ခတ်သည့် ဒဏ်ကြောင့် ရွာဘုန်ကြီးကျောင်း အပါအဝင် နေအိမ် ခေါင်မိုးများ လှန်ထွက်ကာ ထိခိုက်ပျက်စီးသော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။
“လေ အပြင်းတိုက်တာ။ အပေါ်က အမိုးက လှန်ထွက်ကုန်တာ။ ရေကလည်း တက်တော့ အောက်ထပ်လည်း နေလို့မရဘူး”ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။
လက်ရှိတွင် လေပြင်းထိခိုက်ထားသည့် အိမ်များမှ မိသားစုများ ၎င်းတို့၏ မိတ်ဆွေနှင့် ဆွေမျိုးများအိမ်တွင် နေကြရပြီး အချို့က ပျက်စီးသွားသည့်နေရာများကို မိုးကာဖြင့် ကာပြီး နေထိုင်ကြရကြောင်း သိရသည်။
ကန်ခေါင်းကျေးရွာသည် မတ်လ ၂၈ရက် စစ်ကိုင်းငလျင်တွင်လည်း ထိခိုက်ပျက်စီးမှုခံစားရသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ဟတ်ပုံးကျေးရွာတွင်လည်း လေပြင်းကြောင့် နေအိမ် ၅၆လုံး ပျက်စီးရကြောင်း ဖြူစင်မေတ္တာ ဟတ်ပုံးလူငယ်ပရဟိတအသင်း-အင်းလေးထံမှ သိရှိရသည်။
“တစ်နာရီလောက်အတွင်းမှာ ဖြစ်တာ၊ တချို့ဆို လေထဲပါမတတ်ပဲ။ လှိုင်းလည်းတအားကြမ်းတာ” ဟု ဟတ်ပုံးဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
အင်းလေးတွင် ရေဘေး၊ ငလျင်ဘေးများကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြုပြင်နေဆဲအခြေအနေတွင် ယခုလို လေဒဏ်ပါ ခံစားကြရသဖြင့် ဒုက္ခရောက်နေသူများအတွက် အကူအညီများ ပိုမို လိုအပ်လာနေသည်ဟု အင်းလေးဒေသ ပရဟိတအသင်းများထံမှ သိရသည်။
မဟာ
#MeKongNews
#အင်းလေးဒေသ
#ရှမ်းပြည်တောင်ပိုင်း
#လေဘေး
#အကူအညီ








