မဲခေါင်၊ သြဂုတ်၂၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိုးဘွားပိုင် ဓားမဦးချ စိုက်ပျိုးမြေများ၏ ပိုင်ရှင် တောင်သူများကို PNO က လုပ်ခွင့်မပြုပဲ စာထုတ်ပိတ်ပင်သကဲ့သို့ လုပ်ကိုင်နေသူများကိုလည်း PNO ပြည်သူ့စစ် လက်နက်ကိုင်များဖြင့် ခြိမ်းခြောက် မောင်းနှင်ထုတ်ခံရနေကြောင်း တောင်သူများနှင့် နီးစပ်သူများထံမှ သိရသည်။
PNO ပြည်သူ့စစ်သည် ဆိုက်ခေါင်မြို့ တောင်ဘက် ပါလောပါကယ်အုပ်စုရှိ မြေဧက ၁၂၄ ဒသမ ၈၂ တွင်လုပ် ကိုင်နေသည့် တောင်သူ ၉ဦးကို အမိန့်ဖြင့် လာရောက် ပိတ်ပင်တားမြစ်နေခြင်း ဖြစ်သည်ဟု သိရသည်။
“သေနတ်နဲ့ PNO စစ်သားတွေ လာပြီး လုပ်ရင်ရိုက်လို့ သူတို့ခေါင်းဆောင်က ပြောတာကို စစ်သားလေးတွေက မရိုက်ပေမယ့် အမိန့်အရလာရတာပါ အမိုးလို့ ပြောကြတယ်။ အမိုးတို့က ရိုက်ရင်လည်းခံရရုံပဲ။ ဒါဘိုးဘွားပိုင် မြေတွေ ဒါပဲလုပ်စားနေရတာလို့ပြောပေမယ့် မလုပ်ဖို့ဘဲတားတယ်။ စာတွေတင်လည်းမရဘူး။ ဖြားခွန်ရဲထွေးကို ပြောတော့လည်း ရွေးကောက်ပွဲပြီးမှလို့ ပြောလာတယ်။ PNO ဖြစ်လို့ ဒေသဦးစီးက ခေါင်းရှောင်နေတာ။ အခုက စိုက်ဆဲ စပါးတွေ ဒီအတိုင်း ပစ်ထားရပြီ”ဟု ပိုင်ရှင်တောင်သူများနှင့် နီးစပ်သူက မဲခေါင်သို့ ယနေ့ သြဂုတ်လ ၂၆ရက်တွင် ပြောကြားသည်။
ယင်းမြေယာများကို မြို့ရေပေးဝေသည့် ရေကန်ဖြင့် မလွတ်ကင်းဟု ဆို၍ တစ်ခါ၊ ကျေးရွာ ထင်းစိုက်ခင်းဟု ဆို၍ တစ်ကြိမ် တရားစွဲဆိုခဲ့သော်လည်း တရားလိုများ၏ စွပ်စွဲချက်များမှာ မဟုတ်ဟုဆိုကာ ဆီဆိုင်မြို့နယ်တရားရုံးမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်တွင် အပြီးအပြတ် တရားသေလွှတ်လိုက်ပြီးဖြစ်ကြောင်း မဲခေါင်းသတင်းဌာနမှ ဖတ်ရှု့ရသည့် တရားရုံးဆုံးဖြတ်ချက် အထောက်အထားများတွင် တွေ့ရသည်။
ဘိုးဘွားပိုင် ဓားမဦးချမြေများဖြစ်သည့်အပြင် လက်ရှိ အိမ်ထောင်စု ၉စု မှ အဓိက စိုက်ပျိုးလုပ်ကိုင် စားသောက်နေသည့် မြေ အစစ်အမှန်ဖြစ်သဖြင့် တရားရုံးမှ ပိုင်ဆိုင်ခွင့် ပြုသည်ကို PNO လက်နက်ကိုင်အဖွဲ့က ပြည်သူများအပေါ် မတရားအနိုင်ကျင့် သိမ်းပိုက်နေသည့် လုပ်ရပ်အား သက်ဆိုင်ရာ လူကြီးများ အနေဖြင့် သိရှိတားမြစ်ပေးနိုင်ပါရန် တောင်သူများက တောင်းဆိုလျက်ရှိသည်။
ရေထွက်နှင့် လွတ်ကင်းကြောင်းလည်း ဆိုက်ခေါင် ပထမတောင်ကျောင်ကြီးဆရာတော်နှင့် ဇဝနရာမ စာသင်တိုက် ရဟန်းတော်များမှလည်း မြေပြင်တွင် ရေကန်ဧရိယာကို စစ်ဆေးတိုင်းတာ သတ်မှတ်ခဲ့ပြီး ယခုမြေယာများနှင့် လွတ်ကင်းသည်ဟု သက်သေခံ ပြုထားကြောင်း တွေ့ရသည်။
နောက်ဆုံး စုံစမ်းသိရှိရသည်မှာ ယင်းမြေယာများကိုသိမ်းဆည်းပြီး PNO မှ တိုက်ပွဲအတွင်းသေဆုံးသူများ၏ ကျန်ရှိ မိသားစုများကို ခွဲဝေပေးရန် စီစဥ်နေသည်ဟု သိရသည်။
#MeKongNews
#ဆီဆိုင်
#PNO
#ဘိုးဘွားပိုင်
#လယ်မြေ
#မြေယာ








