မဲခေါင်၊ ဩဂုတ် ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အလက်စကားတွင် ပူတင်သွားရောက်တွေ့ဆုံမှု၌ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်လိုလျှင် ဒွန်ဘက်စ်ဒေသတစ်ခုလုံးအား မိမိတို့အား ပေးရမည်ဟု တောင်းဆိုခဲ့ရာ ဇီလန်းစကီးက မပေးလိုကြောင်းနှင့် ဒွန်လက်စ်လက်ကျန်နယ်မြေများကို ရုရှားရလိုလျှင် မိုင် ၃၀ ရှည် ခါးပတ်ခံတပ်ကြီးကြောင့် အနည်းဆုံး ၄ နှစ်တိုက်ခိုက်ရပြီး စစ်သည် ၂ သန်း နီးပါး ဆုံးရှုံးရမည်ဟု ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က လက်ရှိ ရုရှားတပ်များ ၇၀ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်သော ဒွန်ဘက်စ်ဒေသရှိ လက်ကျန် ဒိုးနက်စ်နှင့် လူးဟန့်ခ်စ်ဒေသများအား ယူကရိန်းဘက်မှ ရုရှားသို့ လွှဲပေးပြီး ရုရှားသိမ်း ထားသော ခါဆွန်ဒေသနှင့် ဇာပေါ်ရစ်ချ်ဇီဟီယာဒေသများကို ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း ဇီလန်းစကီးအား ဖျောင်းဖြတိုက်တွန်းနေခြင်းဖြစ်သည်။
အမေရိကန်အခြေစိုက် Study of War စစ်ဘက်လေ့လာရေးအဖွဲ့ကမူ ထရမ့်သတ်မှတ်ပေးသော အပေးအယူသည် ရုရှားကိုသာ အသာစီးရရှိစေပြီး ယူကရိန်းအတွက် ပိုမိုနိမ့်ပါးရသည့်အဖြစ်သာ ရောက်ရှိစေမည်ဖြစ်ကာ ဒွန်ဘက်စ်ဒေသအား ပေးခဲ့လျှင်လည်း နောက်ထပ် ကျူးကျော်တိုက်ခိုက်မှု များ ဆက်လုပ်လာနိုင်သည်ဟု သုံးသပ်ထုတ်ပြန်သည်။
ဇီလန်းစကီးနှင့် ဗြိတိန် စစ်ထောက်လှမ်းရေးဌာနတို့က ၁၁ နှစ်ကြာ အချိန်ယူပြီး ဒိုးနက်စ်နှင့်လူးဟန့်ခ်စ် နယ်မြေများအား မိုင် ၃၀ အကွာအဝေးအထိ ခါးပတ်ခံတပ်ကြီး တည်ဆောက်ထားရာ နဂါးသွားခံတပ် များအား ရုရှားတပ်များ မည်သို့မျှ မကျော်နိုင်သဖြင့်သာ ပူတင်က တိုက်မရသဖြင့် ၎င်းတို့အား ထိုနယ်မြေများပေးရန် အဓိကတောင်းဆိုခြင်းဖြစ်ကြောင်းသိရသည်။
ယင်းခံတပ်ကို ကျော်လွန်သိမ်းပိုက်နိုင်ရေး ရုရှားတိုက်မည်ဆိုပါက အောင်မြင်ရန် ၄ နှစ်အချိန်ယူရမည်ဖြစ်ပြီး ယခုကတည်းက စစ်သည် ၁ သန်း သေဆုံးဒဏ်ရာရပြီးသည့်အနေအထားမှ နောက်ထပ် စစ်သည် ၁ ဒသမ ၉ သန်း ထပ်မံ သေဆုံးဒဏ်ရာရမည်ဟု အသိပေးပြောဆိုခဲ့ကြသည်။
ယူကရိန်းသည် လွန်ခဲ့သည့် ၁၁ နှစ်ကတည်းက ရှိသမျှသော အရင်းအနှီးများကို အဆိုပါ ခါးပါတ်ခံတပ်အတွက် သုံးစွဲခဲ့ပြီး ခံတပ်အနီးတစ်ဝိုက် လိုအပ်သည်များပြတ်လပ်မသွားစေရေး စက်ရုံများ၊ အခြားအရေးပါသော စီမံကိန်းများကိုပါ အထိုင်ချ ထားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒွန်ဘက်စ်
#ဇီလန်းစကီး








