မဲခေါင်၊ ဩဂုတ် ၂၂
ထုတ်လုပ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော Black Hawk ရဟတ်ယာဉ်များကို မလေးရှားအစိုးရမှ ဝယ်ယူရန် စီစဉ်ထားမှုသည် ဘုရင်ကိုယ်တိုင်က ထိုရဟတ်ယာဉ်များကို အခေါင်းပျံများနှင့်တူသည်ဟု ပြောဆိုမှုကြောင့် ဝယ်ယူမည့်အစီအစဉ် ဖျက်သိမ်းလိုက်ကြေင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။
ယခင်သတင်းများအရ မလေးရှားတပ်မတော်သည် ၂၀၂၃ ခုနှစ်မေလက Sikorsky UH-60A+ Black Hawk ရဟတ်ယာဉ် ၄ စီးကို နောက် ၅ နှစ်အတွင်း မလေးရှားရင်းဂစ် ၁၈၇ သန်း (ဒေါ်လာ ၅၇ သန်း) ဖြင့် Aerotree Defence and Services ကုမ္ပဏီထံမှ ဝယ်ယူရန် စာချုပ်ခဲ့သည်ဟု သိရသည်။
ဩဂုတ် ၁၆ ရက်နေ့က မလေးရှားအထူးတပ်ရင်း နှစ် ၆၀ ပြည့်အခမ်းအနား၌ ဘုရင် အီဘရာဟင် အစ္စခန်ဒါက အဆိုပါရဟတ်ယာဉ်များသည် အခေါင်းပျံကြီးနှင့်တူသည်ဟု မြွက်ကြားခဲ့သောကြောင့် ဝယ်ယူမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ရခြင်းဖြစ်သည်ဟု မလေးရှားတပ်ချုပ် ဗိုလ်ချုပ် မော့ဒ်နီဇမ် ဂျက်ဖာက ပြောဆိုသည်ဟု မလေးဘာသာစကားဖြင့် နေ့စဉ်ထုတ်ဝေသော Utusan Malaysia သတင်းစာမှ ဖော်ပြသွားခဲ့သည်။
မလေးရှားကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် Aerotree ကုမ္ပဏီဘက်မှ စာချုပ် အရ သဘောတူထားသည့် ပထမ ရဟတ်ယာဉ်ကို ပေးပို့ရန်ပျက်ကွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သေးရာ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် စာချုပ်သစ်ပြန်ချုပ်မည်ဟု သတင်းထွက်ခဲ့သေးသော်လည်း ယခု ဘုရင် ကိုယ်တိုင်က Black Hawk ရဟတ်ယာဉ်များကို အခေါင်းပျံနှင့်တူသည်ဟု ပြောခဲ့သဖြင့် စာချုပ်သစ် ချုပ်ရေးကိုပါ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: ANN/The Straits Times
#MeKongNews
#မလေးရှား
#ဘုရင်
#ခေါင်းတလားပျံ
#ရဟက်ယာဉ်








