မဲခေါင်၊ သြဂုတ် ၂၀
ရှမ်းပြည်မြောက်ပိုင်း နောင်ပိန်ကျေးရွာအုပ်စုတွင် စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ၁၀ ဦးသေ ၁၂ ဦး ဒဏ်ရာရကြောင်း SSPP Info က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။
ယနေ့သြဂုတ်လ ၂၀ ရက် နေ့တွင် စစ်ကောင်စီမှ လေယောဥ်ဖြင့်နံနက် ၁၀ နာရီခွဲ တွင်ကျောက်မဲ နောင်ပိန်ကျေးရွာအုပ်စု ပင်တီးကျေးရွာဘုန်းကြီး ကျောင်းကို ဗုံးကြဲသလို နေ့လယ် ၂ နာရီခန့်တွင် စခန်းသာမှ ရွှေစခန်းသာ စားသောက်ဆိုင် လက်နက်ကြီးထိမှန်ခဲ့သည့်အတွက် စစ်ဘေးရှောင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP က ဆိုသည်။
စစ်ကောင်စီက အထက်ရဲရွာ ရေကာတာဘက်နှင့် ဂုတ်ထိပ်ဘက်ကလာပြီး တပ်စွဲထားသည့် ထန်းတပင်စသည့်နေရာများမှာ SSPP လှုပ်ရှားနယ်မြေများဖြစ်ပြီး ဒေသခံများမှာ ရှမ်းနယ်ဖြစ်သည့်အတွက် စစ်တပ်က တိုက်မည်မထင်သဖြင့် တိမ်းရှောင်မှုမရှိရာက ယခုမှ လက်နက်ကြီးနှင့် ဗုံးများကျလာသဖြင့် ထွက်ပြေးနေကြရသည်ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
“ခုဖြစ်တာ ရှမ်းတပ်တွေနေရာ ခုသူတို့ မရှိတော့ဘူး။ တကယ်က မြေပြင် လက်နက်ငယ်တကမ်းတိုက်သေးတာမဟုတ်ဘူး။ လက်နက်ကြီးကတော့ ဒုံးတွေနဲ့ကို အတွဲလိုက်ပစ်နေတာ၊ စစ်မရှောင်တာက လူနည်းစုပဲကျန်တော့တယ်” ဟု ၎င်းကပြောသည်။
ဩဂုတ်လ ၁၉ ရက်က ပင်တိန်ရွာရှိ မူလွန်ကျောင်းနှင့် ဩဂုတ်လ ၂၀ ရက်တွင် ပင်တီးရှိ အလယ်တန်းကျောင်း၊ နောင်ပိန်အထွက် လုပ်ပါရဲစခန်းရှေ့တို့တွင် ဗုံးကြဲခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် နောင်ပိန်မြို့ပေါ် ၆ ရပ်ကွက်အတွင်း အားလုံးလိုလို စစ်ဘေးရှောင်နေကြသော်လည်း မတိမ်းရှောင်သည့်လူ အနည်းရှိနေသေးသဖြင့် ၎င်းတို့အတွက် စိုးရိမ်နေရသည်ဟု လူမှုကူညီသူများက ပြောသည်။
#MeKongNews
#ကျောက်မဲ #နောင်ပိန်
#စစ်ဘေးရှောင်
#လက်နက်ကြီးပစ်
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု








