မဲခေါင်၊ သြဂုတ် ၂၀
စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာတွင် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရှောင်ဒေသခံများထံက သိရသည်။
သြဂုတ်လ ၁၈ရက်က လက်နက်ကြီးပစ်ခတ်ပြီး ၁၉ရက်တွင် နောင်ပိန်နှင့် မိုင်၅၀အကွာရှိ ထန်းတပင်ကို ရောက်ရှိလာသည့် စစ်ကောင်စီက တပ်မ ၁၁ စစ်ကြောင်းသည် ယနေ့သြဂုတ်၂၀ရက် နံနက်ပိုင်းတွင် နောင်ပိန်နှင့် ၄မိုင်ခန့်အကွာအထိ ရောက်ရှိလာနေပြီဖြစ်သည်ဟု နမ့်လန်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။
“မနေ့ကတည်းက သီပေါ၉မိုင်ကနေ ဖြတ်လာတာ၊ နောင်ပိန်မှာတော့ မီးရှူးမီးပန်းဖောက်သလိုပဲ။ ဒုံးတွေ အတွဲလိုက်ပစ်နေတာ။ ပလောင်တွေက လမ်းတစ်ဘက်ခြမ်းကနေ နောင်ပိန်ထဲကနေ ခုခံနေတာ”ဟု မဲခေါင်သို့ ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
၎င်းပြောကြားချက်အရ စစ်ရှောင်အများစုသည် အနီးအနားမှ လူသူဝေးပြီး စစ်စခန်းမရှိသည့်ရွာများသို့ တိမ်းရှောင်နေကြရာ နောင်ပိန်လေး၊ ပုံဝိုး၊ ဟိုက်ကွီ၊ နမ့်ဟန်ခိမ့်၊ နမ့်ဝါ၊ ကျင်သီ ရွာများဘက်သို့ ရှောင်တိမ်းနေကြကြောင်း သိရသည်။
၎င်းတို့လို အနည်းစုသည် ကျောက်မဲမှ သီပေါ ၉မိုင်လမ်းခွဲမှတဆင့် နမ့်လန်သို့ တိမ်းရှောင်လာကြသည်ဟု ပြောသည်။
နောင်ပိန်ကမ်းလင့်လက်များ အဖွဲ့အနေဖြင့် နောင်ပိန်တွင် ကျန်ရှိပြီး ယနေ့မှ ထွက်လာသူများ အကူအညီလိုပါက အသင်းကား ၂ စီး ကုန်းညောင်နားတွင် သယ်ပို့ပေးနေပြီးViber 09-7922227171 ကို ခေါ်နိုင်ကြောင်း အသိပေးထားသည်။
သီပေါမြို့ခံအချို့ကမူ စစ်ဘေးကြိုတင်စစ်ရှောင်သည့်အနေဖြင့် သီပေါတံတားတဖက်ခြမ်း MNDAA ရှိရာ ပန်ဆောက်မိန်း၊ ဆွတ်လန်းရွာများဘက်တွင် ညရှောင် နေ့ပြန်သဘောမျိုး နေထိုင်နေကြကြောင်းသိရသည်။
စစ်ကောင်စီသည် ယခင်နှစ် သြဂုတ်လ ၅ရက် ကကျောက်မဲကို TNLAနှင့်မဟာမိတ်များထံ စစ်ရှူံး ၍လက်လွှတ်ခဲ့ရပြီးနောက် လက်ရှိစစ်မှုထမ်းလူသစ်များကို လူသားဒိုင်းသဖွယ်ရှေ့ခံထားကာ ပြန်လည်ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။
#MeKongNews
#နောင်ပိန်
#ကျောက်မဲ
#TNLA
#တိုက်ပွဲပြင်းထန်
#စစ်ဘေးရှောင်








